NATO မှ နုတ်ထွက်ရန် ဒေါ်နယ်ထရန့် နည်းလမ်းရှာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (NATO) မှ အမေရိကန်ပြည်ထောင်စု နုတ်ထွက်ရေးကို အလေးအနက် စဉ်းစားလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ 

လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲတွင် NATO အဖွဲ့ဝင် ဥရောပနိုင်ငံများက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုအား ဖြေရှင်းရန် အမေရိကန်က တောင်းဆိုခဲ့သော်လည်း စစ်သင်္ဘောများ စေလွှတ်ခြင်းမရှိခဲ့ပေ။ 

ထို့အပြင် ဗြိတိန်၊ စပိန်နှင့် အီတလီနိုင်ငံတို့က အမေရိကန်စစ်လေယာဉ်များအား ၎င်းတို့၏ ဝေဟင်ပိုင်နက် အသုံးပြုခွင့်နှင့် စခန်းချနားခွင့်ကို ပိတ်ပင်ခဲ့ခြင်းတို့ကြောင့် သမ္မတထရမ့်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ၂၀၂၃ ခုနှစ်၌ အမေရိကန်လွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေအရ သမ္မတသည် အထက်လွှတ်တော်အမတ် ၁၀၀ အနက် ၆၇ ဦး (နှစ်ပုံသုံးပုံ) ၏ ထောက်ခံမှုမရှိဘဲ NATO မှ နုတ်ထွက်ခွင့်မရှိပေ။ 

အိမ်ဖြူတော်အစိုးရအဖွဲ့ကမူ ထိုဥပဒေသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်းနှင့် နိုင်ငံတကာစာချုပ်များမှ နုတ်ထွက်ခွင့်မှာ သမ္မတ၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း တုံ့ပြန်ရန် ပြင်ဆင်နေသည်။ 

အကဲခတ်များကမူ အမေရိကန်သည် NATO စစ်အသုံးစရိတ်၏ ၆၂ ရာခိုင်နှုန်းကို ကျခံထားခြင်းကြောင့် အမေရိကန်၏ ပူးပေါင်းဆောင်ရွက်မှုမပါဝင်ပါက ဥပဒေကြောင်းအရ မည်သို့ပင်ရှိစေကာမူ NATO အဖွဲ့၏ စစ်ရေးစွမ်းဆောင်ရည်မှာ အလွန်အမင်း အားနည်းသွားမည်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။