တရုတ်ကို လက်လှမ်းမီသည့် ပြည်တွင်း ထုတ် ဒုံးကျည်များ ဂျပန် တပ်ဖြန့်၊ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်။ 

ဂျပန်နိုင်ငံက ပြည်တွင်းဖြစ် တာဝေးပစ်ဒုံးကျည်များကို ပထမဆုံးအကြိမ် တပ်ဖြန့်ချထားလိုက်သည်။ 

ဂျပန်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်နည်းပညာဖြင့် တီထွင်ထုတ်လုပ်ထားသော အဝေးပစ် ဒုံးကျည်နှစ်မျိုးဖြစ်သည့် Type-25 ကမ်းခြေအခြေစိုက် သင်္ဘောဖျက်ဒုံးကျည် နှင့် Type-25 အရှိန်ပြင်း ပျံသန်းတိုက်ခိုက်ရေးဒုံးကျည် (HVGP) တို့ကို ကာကွယ်ရေးတပ်ဖွဲ့များထံ တရားဝင်လွှဲပြောင်းကာ စတင်တပ်ဖြန့်ချထားလိုက်ပြီ ဖြစ်သည်။

Type-25 သင်္ဘောဖျက်ဒုံးကျည်ကို ကူမာမိုတို (Kumamoto) ခရိုင်ရှိ Camp Kengun စခန်းတွင် တပ်ဖြန့်ထားသည်။ 

Camp Kengun စခန်းသည် ဂျပန် နိုင်ငံ တောင်ပိုင်း ကျူးရူးကျွန်း အလယ်ပိုင်းတွင် ရှိပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့နှင့်မိုင် ၅၄၀ ခန့်ဝေးပြီး ထိုင်ဝမ်ကျွန်းနှင့် မိုင် ၇၅၀ ခန့်ဝေးသည်။ 

၎င်းသည် ကီလိုမီတာ ၁,၀၀၀ ခန့်အထိ ပစ်ခတ်နိုင်စွမ်း ရှိသဖြင့် တရုတ် ကမ်းရိုးတန်း ပစ်မှတ်များကိုသာမက မြောက်ကိုရီးယား တစ်နိုင်ငံလုံးကိုပါ လက်လှမ်း မီသည့် ဒုံးကျည်များ ဖြစ်လာသည်။ 

Type-25 HVGP ဒုံးကျည်ကိုတော့ ဂျပန်နိုင်ငံ၏ အဓိက ကျွန်းဖြစ်သော ဟွန်ရှူးကျွန်းရှိ ရှီဇူအိုကာ (Shizuoka) ခရိုင်ရှိ ဖူဂျီတောင်ခြေ (Camp Fuji) အနီးတွင် တပ်ဖြန့်ထားသည်။ 

၎င်းသည် အသံထက်မြန်သော အရှိန်ဖြင့် ပုံသေမဟုတ်သော လမ်းကြောင်းများမှ ပျံသန်းနိုင်သဖြင့် ရန်သူ့ကာကွယ်ရေးစနစ်များက ကြားဖြတ်ဟန့်တားရန် အလွန်ခက်ခဲသည်။

ယင်းသည် ဂျပန် နိုင်ငံ အလယ်ဗဟိုတွင် တည်ရှိပြီး ကာကွယ်ရေး အတွက် အဓိက ရည်ရွယ်ထားရှိခြင်း ဖြစ်သည်ဟု စစ်ရေး သုံးသပ်သူများက ဆိုသည်။ 

ဤလုပ်ဆောင်ချက်သည် ဂျပန်နိုင်ငံ၏ တန်ပြန်တိုက်ခိုက်နိုင်စွမ်း (Counterstrike Capability) ကို လက်တွေ့စတင်လိုက်ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများနှင့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျပန်နိုင်ငံက ယခုကဲ့သို့ တာဝေးမှ ကြိုတင်ဟန့်တားနိုင်သည့် စွမ်းရည်ကို မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

ယခုဒုံးကျည်များကို ယခင်က အဆင့်မြှင့်တင်ထားသော Type-12 သင်္ဘောဖျက်ဒုံးကျည်နှင့် ကျွန်းစုကာကွယ်ရေး အရှိန်ပြင်းဒုံးကျည်များအဖြစ် လူသိများခဲ့သော်လည်း ယခုအခါ Type-25 အဖြစ် တရားဝင်အမည်ပြောင်းကာ တပ်ဖြန့်လိုက်ခြင်းဖြစ်သည်။

မကြာသေးမီကလည်း ဂျပန်နိုင်ငံ၏ Chokai စစ်သင်္ဘောကို အမေရိကန်လုပ် Tomahawk ဒုံးကျည်များ ပစ်ခတ်နိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။