မလုပ်မနေရ စစ်မှုထမ်းကာလ ဒိန်းမတ်တွင် ၃ ဆနီးပါး တိုးမြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
ရုရှား၏ စစ်ရေး ခြိမ်းခြောက်မှုနှင့် အမေရိကန်၏ ဂရင်းလန်းကျွန်းဆိုင်ရာ ဖိအားပေးမှုများကြောင့် ဒိန်းမတ်နိုင်ငံသည် စစ်မှုထမ်း ကာလကို ၃ ဆနီးပါး တိုးမြှင့်လိုက်ပြီး ဂရင်းလန်းကျွန်းသို့ ပထမဆုံးအကြိမ် စစ်မှုထမ်းသစ်များ စေလွှတ်တော့မည် ဖြစ်သည်။
ဒိန်းမတ်နိုင်ငံတွင် အသက် ၁၈ နှစ်ပြည့်ပြီးစ လူငယ် ၁,၆၀၀ နီးပါးသည် ၁၁ လကြာ စစ်မှုထမ်းရမည့် စနစ်သစ်အတိုင်း စတင် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။
အရင်က စစ်မှုထမ်းကာလမှာ ၄ လသာ ရှိခဲ့ခြင်းဖြစ်သည်။
ဒိန်းမတ်အစိုးရသည် စစ်မှုထမ်းစနစ်တွင် အမျိုးသမီးများကိုပါ စတင် ပါဝင်ခွင့်ပေးလိုက်သည်။
အထူးခြားဆုံးအနေဖြင့် ယခုလအကုန်တွင် စစ်မှုထမ်းသစ် ၁၀၀ ကျော်ပါဝင်သည့် တပ်ခွဲတစ်ခုကို ဒိန်းမတ်ပိုင် ဂရင်းလန်း (Greenland) ကျွန်းသို့ ပထမဆုံးအကြိမ် စေလွှတ် တာဝန်ထမ်းဆောင်စေတော့မည် ဖြစ်သည်။
ထိုသို့ ဂရင်းလန်းကျွန်းသို့ တပ်ဖွဲ့များ စေလွှတ်ခြင်းသည် စစ်ရေးနှင့် နိုင်ငံရေးအရ အလွန် အရေးပါလျက်ရှိသည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို အမေရိကန်ပိုင်အဖြစ် သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းကြောင့်ဖြစ်ပြီး ဒိန်းမတ်နှင့် ဂရင်းလန်း အစိုးရတို့က အဆိုပါ တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။
ဒိန်းမတ် ဝန်ကြီးချုပ် ကလည်း စစ်မဟာမိတ် နေတိုး (NATO) နယ်မြေတစ်ခုလုံးနှင့် ဒိန်းမတ်ပိုင်နက် မှန်သမျှကို အစွမ်းကုန် ကာကွယ်သွားမည်ဟု ပြောကြားထားသည်။
စစ်မှုထမ်းသစ်များသည် ပထမ ၅ လတွင် အခြေခံ စစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီး ကျန် ၆ လတွင် ဒရုန်းတပ်ဖွဲ့ အပါအဝင် လက်တွေ့ စစ်ရေး တာဝန်များကို ထမ်းဆောင်ကြရမည် ဖြစ်သည်။
Photo:Reuters