မြစ်ကြီးနား ရဲစခန်း တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။

မြစ်ကြီးနားမြို့ ၊ ခေမာသီရိ ရပ်ကွက်ရှိ နယ်မြေရဲစခန်းကို စက်တင်ဘာလ ၉ ရက်နေ့ ညက ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF က ဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့၊ ည ၈ နာရီအချိန်ခန့်က ခေမာသီရိ ရပ်ကွက်ရှိ၊ နယ်မြေရဲစခန်း ဗုံးနှစ်လုံးပစ်ခတ်ခံရပြီး သေနတ်ပစ်သံ ၁၅ ချက်ခန့်ကြားခဲ့ရသည် ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ရဲစခန်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက “ရဲစခန်း အနောက်ဘက်ခြမ်းကို ပစ်တာဟုတ်တယ်။ လမ်းပဲခြားတဲ့ ဘေးက အိမ်ပေါ်ကိုတောင် ယမ်းစတွေ လာစင်တယ်ပြောတယ်” ဟု ပြောသည်။

ထိုသို့ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ အမှတ်-၂ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ လက်နက် ၄၀ မမ ဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုထဲတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရဲစခန်းအနီး နေထိုင်သည့် အဆိုပါ အမျိုးသားက ဆက်ပြောသည်။

အမှတ်-၂ နယ်မြေ ရဲစခန်းဝင်းအတွင်း အနောက်ဘက်ခြမ်းက ရဲဝန်ထမ်းအိမ်ယာများရှိသည့် ဘက်အခြမ်း ပစ် ခတ်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိသည်။

ထို့အပြင် ယခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့တွင်လည်း မြစ်ကြီးနား နယ်မြေရဲစခန်းနှင့် မီးပွိုင့်ကြားချထားသည့် ပေပါခွံများအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မတ်လ ၂၈ ရက်နေ့ကလည်း နယ်မြေရဲစခန်း မီးကွင်းပစ်ခံခဲ့ရသည်။

အလားတူ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင်ရှိသည့် ရဲတပ်ရင်း (၃၀) လည်း ဧပြီလ ၁၁ ရက်နေ့က အသံ ဗုံး သုံးချက်ခန့် ပစ်ခံခဲ့ရပြီး ပလန(နယ်မြေရဲစခန်း)လည်း သြဂုတ်လအတွင်းက ပစ်ခတ်ခံခဲ့ရသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြစ်ကြီးနားမြို့ရှိ ရဲစခန်းများရှေ့တွင် သံဆူးကြိုးအကာအရံ အတား အဆီးများချထားပြီး ယနေ့အချိန်ထိ အချို့ဌာနဆိုင်ရာရုံးများရှေ့က လမ်းများကိုလည်း ဆက်လက် ပိတ်ထား သည်ဟု ရပ်ကွက်နေသူများက ဆိုသည်။