နိုင်ငံရေး အကျဉ်းသားများကို ထောင်အတွင်း ပိုမို နှိပ်ကွပ်ခြင်များ ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
မြိတ်မြို့အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် အခြားသော အကျဉ်းသားများထက် ဖိနှိပ် နှိပ်ကွပ်ခြင်းများရှိခဲ့သည်ဟု လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားအချို့က ပြောသည်။
စက်တင်ဘာလ ၉ ရက်နေ့က မြိတ်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား အယောက် ၃၀ ခန့် လွတ်မြောက်လာခဲ့ပြီး လွတ်လာသူများထဲတွင် အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၆ ဦး ပါဝင်သည်ဟု မိသားစု ဝင်တစ်ဦးက ပြောသည်။
အသက် ၃၀ အရွယ် လွတ်မြောက်လာသူ အကျဉ်းသားတစ်ဦးက “ထောင်ထဲမှာ မူးယစ်ဆေးဝါးမှုနဲ့ အခြား ပြစ် ဒဏ်ကျခံနေတဲ့ အကျဉ်းသားထဲက တန်းစီးနဲ့ အခန်းလူကြီးတွေက နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်ကွပ်တာ တွေ ခံရတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မျက်စိ အာရုံစူးစိုက်ပြီး လုပ်ကိုင်ရတဲ့ မျက်တောင်တုထိုးတဲ့ အလုပ်တွေကို နေ့စဉ် နာရီပေါင်းများစွာ လုပ်ပေးခဲ့ရတယ်” ဟု ပြောသည်။
မြိတ်ခရိုင်၊ မြိတ်မြို့အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ကဗျာဆရာမောင်ယုပိုင် အပါဝင် အကျဉ်းသား အယောက် ၃၀ ခန့် စက်တင်ဘာ ၉ ရက်နေ့၊ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်ကြသည်ဟု မိသား စုဝင်များ က ပြောသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လူငယ်များနှင့် ပြည်သူများ ကို ပုဒ်မ ၅၀၅ – က၊ ပုဒ်မ – ၁၄၅ တို့ဖြင့် တရားစွဲပြီး မြိတ် အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ် စီ ချမှတ်ခံထားကြရပြီး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
ယခု ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေးအကျဉ်းသား အယောက် ၃၀ ခန့် သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ လ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခဲ့ရသူများ ဖြစ်ကြပြီး လွတ်ရက်စေ့၍ ပြန်လွတ် လာသူများ ဖြစ်သည့်အတွက် ခံဝန်လက်မှတ်ရေးထိုးခဲ့ရခြင်းမရှိဟုလည်း သိရသည်။
ယခု လွတ်မြောက်သူတွေထဲတွင် နှစ်ရှည်ထောင်ဒဏ် ချခံထားရသည့် နိုင်ငံရေးသမား အကျဉ်းသားများ ပါဝင် ခြင်း မရှိပေ။
မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာသူများကို နောက်ပိုင်းတွင် နိုင်ငံရေးနှင့် မပတ်သက်ရန် အကျဉ်းထောင် အာ ဏာပိုင်တာဝန်ရှိသူ က ပြောဆိုသတိပေးမှုများ ရှိသည်ဟုလည်း လွတ်မြောက်လာသူ အချို့က ပြောသည်။
အလားတူ စက်တင်ဘာလ ၁ ရက်နေ့ကလည်း နိုင်ငံရေးအမှုဖြင့် ထောင်ဒဏ်ချခံထားရသည့် အမျိုးသား ၁၈ ဦး နှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၉ ဦး လွတ်ရက်စေ့ပြီး မြိတ်အကျဉ်းထောင်မှ ပြန်လည်လွတ်ပေးခဲ့သည်လည်း ရှိခဲ့သည်။