ငွေအတု သိန်း ၉၀ ကျော်ကို အတုထုတ်စက်နှင့်အတူ ဖမ်းမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်ရက်အတွင်း ငွေအတုသိန်း ၉၀ ကျော်၊ ငွေတုထုတ်စက် ၂လုံးနှင့် အတူ ပတ်သက်ဆက်နွယ်သူ လူ ၅ ဦးတို့ကို သောကြာနေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့၊ ညနေတွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား ၂ဦး ထံမှ ငွေအတု ၁၂ သိန်းနှင့် ငွေတုထုတ်စက် ၁ လုံးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ တစ်ဦးက “ရှင်းရှင်းပြောရင် လေးသိန်း တစ်သိန်း လဲတဲ့သဘောပေါ့။ ငွေသား အစစ်ဆို တစ်သိန်း သူတို့ပြန်ပေးတာ လေးသိန်းပေါ့။ အဲ့ဒီလို လုပ်တဲ့အဖွဲ့ ငွေသားလှဲလှယ်တဲ့ အဖွဲ့ပေါ့” ဟု ပြော သည်။
အလားတူ စက်တင်ဘာလ ၈ ရက်နေ့၊ ညနေတွင် ရမ်ပူရပ်ကွက်နေ အမျိုးသား ၃ ဦးကို ငွေအတု သိန်း ၈၀ ခန့် အပြင် ငွေတုထုတ် စက် ၁ လုံး ကို ဖမ်းမိပြီးခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၈ ရက်နေ့တွင် ဖမ်းမိသူများနှင့် ဆက်စပ်၍ စက်တင်ဘာလ ၉ ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိ ခြင်း ဖြစ်သည်။
နှစ်ရက်အတွင်း ငွေအထုထုတ်သည့်စက် ၂လုံးနှင့်အတူ ကျပ်တစ်သောင်းတန်၊ ကျပ်ငါးထောင်တန်၊ ကျပ်တစ် ထောင်တန်၊ ငါးရာတန်များကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
နယ်ဝေးမှ ငွေအတုဝယ်ယူသူများကို ကားဂိတ်မှ တစ်ဆင့် ပါဆယ်ဖြင့် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်ဟု ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ သိရသည်။
အလားတူ မြစ်ကြီးနားမြို့ထဲတွင်လည်း ငွေအတုဝယ်ယူသူ အနည်းအပါးရှိသည်အတွက် စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်နေပြီး ကွင်းဆက်လိုက်နေကြသည်ဟု အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက ဆက်ပြောသည်။
ငွေအတု ထုတ်မှုနှင့်ပတ်သက်၍ နှစ်ရက်အတွင်း ဖမ်းမိသူများမှာ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် အိမ်ဌားနေ ထိုင်သူ မောင်အောင်သူရ၊ မောင်ပိုင်လင်းထွေးနှင့် မောင်ပိုင်စိုးသူအပြင် ရွှေညောင်ပင်ရပ်ကွက်တွင် နေထိုင်သူ မောင်ကျော်ဇင်ဝင်းနှင့် မောင်သူရအောင်တို့ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။
၎င်းတို့ကို လက်ရှိတွင် မြစ်ကြီးနားမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ဆက်လက်လုပ် ဆောင်နေသည်ဟု သိရသည်။