ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီ ယာဉ်တန်အား တရက်တည်း ၂ ကြိမ် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

မြိတ်-ထားဝယ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို တရက်တည်းတွင် ၂ ကြိမ်တိုက်ခိုက်ခံရပြီးနောက် စစ်သား ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိခဲ့သည်ဟု ဒေသခံများနှင့် ဒေသအတွင်းရှိ PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်

ပုလော ဒေသခံ PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေ၊ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ညပီး စစ်ကားတစ်စီးလည်း ပျက်စီးသည်ဟု စစ်သား ဒေသခံ PDF များက သတင်းထုတ်ပြန်ထားသည်။

“ဂျိမ်း ဆိုပြီးမိုင်းကွဲသံကြားပြီးတာနဲ့ စစ်ကားတွေပေါ်ကနေ သေနတ်တွေနဲ့ လမ်းတလျှောက်လုံး ဒရစပ်ပစ်ပြီး မောင်းပြေးသွားတာ။ လူတွေရော အိမ်တွေမှာပါ ကျည်ထိမှန်ကုန်တယ်။ ရုတ်တရက် ကြောက်လန့်ပြီး ဘယ်မှာ ပုန်းရမှန်းတောင် မသိကြတော့ဘူး” ဟု အသက် ၅၀ နှစ်အရွယ် ပုလောဒေသခံ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်တွင် ပုလောမြို့နယ်၊ တပိုကျေးရွာအနီး မြိတ်မြို့ဘက်မှ ပုလောမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကား ၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို တောကြီး မြွေ ဟောက်အဖွဲ့ (King Cobra) က ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပုလောပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ယာဉ်တန်းတွင် ပါလာသည့် စစ်သားများက လမ်းတလျှောက် ရမ်းသမ်း ပစ်ခတ်မှုကြောင့် တပိုကျေးရွာမှ အမျိုးသမီးတစ်ဦး ခြေထောက်ရှပ်ထိ ဒဏ်ရာ၊ ဇရပ်ဆိပ်ကျေးရွာမှ သက်ကြီး ရွယ်အို တစ်ဦး ပေါင်ကျည်ထိမှန်ကာ ကလေးငယ်တစ်ဦးရှပ်ထိ နှင့် ပလကျေးရွာ ထော်လာဂျီမောင်းနေသည့် အမျိုးသားတစ်ဦးတို့ ကျည်ရှပ်ထိတဲ့ ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် King Cobra နှင့် ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်းတို့က စစ်ယာဉ် တန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားတစီးကိုလည်း မှားယွင်း ပစ်ခတ်မိသည်ဟု ထုတ်ပြန် ထားသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကားတစ်စီး ထိခိုက်ပျက်စီးသွားကာ ဒဏ်ရာရရှိသွားသည့် စစ်သား တစ်ဦး ကို နံနက် ၈ နာရီခွဲခန့်တွင် လူနာတင်ယာဉ်နှင့် ပုလောမြို့ဘက်သို့ လာရောက်သယ်ယူသွားခဲ့သည်ဟု ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းဖေါ်ပြထားသည်။

တပို၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ ဘိုင်းပြင်၊ မင်းပြင်ကျေးရွာများနှင့် ပလမြို့တို့မှ ရွာသားများ စိုးရိမ်ထိတ်လန့်ကာ ပုန်း ရှောင်ခဲ့ကြရသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ၏ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့် မှာ အမိုးအကာများ ပျက်စီးကုန်သည့်အပြင်၊ အိမ်အတွင်းရှိ အသုံးအဆောင်ပစ္စည်းများ၊ TV များ ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် တောကြီးမြွေဟောက်အဖွဲ့သည် ပုလောမြို့နယ် အတွင်းဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများကို မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်လေ့ ရှိ သည်။

ပုလောမြို့နယ်အတွင်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသည့် ထိုစစ်ယာဉ်တန်းကို သရက်ချောင်းမြို့နယ် မြိတ် -ထားဝယ် ကားလမ်းမပေါ်ရှိ ဘုတ်တောင်အနီးမှာ အောက်တိုဘာ ၁၂ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင်ပင် ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်းက ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားခဲ့ရ သည်ဟု ၎င်းစစ်ကြောင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်း အဖွဲ့ တာဝန်ရှိသူ တစ်ဦး က “မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါပဲ၊ မိုင်းက မပေါက်တော့ သေနတ်နဲ့ပဲ တိုက်ခဲ့ပါတယ်၊ နောက်ဆုံးက ကုန်ကား ကပ် လိုက်လာတော့ ကုန်ကားကိုပါ ရောပြီး မှားပစ်မိသွား တယ်” ဟု ပြောသည်။

မှားယွင်းပစ်ခတ်မှုကြောင့် ကုန်ကားယာဉ်သာ အနည်းငယ် ထိခိုက်ခဲ့ပြီး ယာဉ်မောင်းနှင့် ကားပေါ်တွင် လိုက်လာ သူများမှာမူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဟု ၎င်းက ပြောသည်။

ကစယ်ဒို ဖက်ဒရယ်စစ်ကြောင်း အဖွဲ့ အနေဖြင့် ကုန်တင်ယာဉ်ကို မှားယွင်းစွာ ပစ်ခတ်မိသည့်အတွက် အနူး အညွှတ် တောင်းပန်ကြောင်းကိုလည်း သတင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

မြိတ် – ထားဝယ် ကားလမ်းမတစ်လျှောက် စစ်ကောင်စီထောက်တိုင်များနှင့် နီးနီးကပ်ကပ်သွားလာ နေထိုင်ခြင်း များမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ် အသိ‌ပေး မေတ္တာရပ်ခံထားသည်။

သရက်ချောင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် စစ်ကောင်စီယာဉ်တန်းများကို ဖက်ဒရယ် စစ်ကြောင်း မှ အလျဉ်းသင့်သလို တိုက်ခိုက်လျက် ရှိနေကြသည်။

အောက်တိုဘာလဆန်းမှ စတင်၍ ယခုရက်ပိုင်းအတွင်း ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့ များသို့ သွားလာရာ ပြည်ထောင်စုလမ်းမကြီးတလျှောက်နှင့် နယ်စပ်ဒေသ သွားလမ်းများတွင် ဖြတ်သန်းသွားလာ နေသည့် စစ်ယာဉ်တန်းများအား ဒေသခံ PDF တပ်ဖွဲ့ဝင်များက မိုင်းဆွဲခြင်းနှင့် ကြားဖြတ်တိုက်ခိုက်ခြင်းများကို ခပ်စိပ်စိပ် ပြုလုပ်လျက် ရှိနေသည်။