နာဂဒေသများတွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်။

ဟုမ္မလင်း-မုံရွာ ချင်းတွင်းမြစ် ရေကြောင်းလမ်း ပိတ်ထားမှုကြောင့် နာဂဒေသတွင် အခြေခံစားသောက်ကုန်နှင့် အသားငါးများ ပြတ်လပ်နေပြီး ဈေးအဆမတန်မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သည့် ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်တို့တွင် ဈေးနှုန်း များ မြင့်တက်နေခြင်းဖြစ်ပြီး ခန္တီးမြို့တွင်မူ ဆန်အိတ်လိုက် ရောင်းချမှု မရှိတော့ ဟု ခန္တီးဒေသခံ တစ်ဦးက ပြောသည်။

ခန္တီးဒေသခံ တစ်ဦးက “ဆန်က အိတ်နဲ့ ရောင်းတာရှားတယ်။ ပြည်နဲ့ပဲ ရောင်းပေးတော့တယ်။ အသားငါးက တစ်ပိဿာ ကျပ် ၄ သောင်း ထိတက်နေတယ်။ ကြက်က CP ကြက်တွေက မရတော့ဘူး” ဟု ပြောသည်။

ခန္တီးမြို့တွင် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀၊ စားဆီတစ်ပိဿာ ၂၀,၀၀၀ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ၁၂,၀၀၀ ကျပ်၊ ဝက်သား၊ အမဲသားနှင့် ငါးတစ်ပိဿာလျှင် ၄၀,၀၀၀ ကျပ် အထိ စျေးနှုန်းများ မြင့်နေပြီဟု ဒေသခံများက ပြောကြသည်။

ထို့အပြင် လဟယ်မြို့တွင်လည်း အသားငါးဈေးနှင့် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးပိုင်းကို ပိုမို အခက်အခဲကြုံစေလို့ အများစုက လက်ရှိတွင် ချေးငှား၍ စားသောက်နေရကြောင်း လဟယ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကုန်ဈေးနှုန်းကြောင့် ပိုပြီး ကြပ်တည်းပြီးတော့ ရှိတာနဲ့ပဲ နေကြတာ။ ပိုပြီးခက်ခဲလာတော့ အကြွေးတွေများ လာကြတာပေါ့။ သာမာန် လူတန်းစားတွေတော့ ပိုပြီးကြပ်တည်းလာတယ်။ တစ်နေ့ တစ်နေ့ တက်နေတာ ဈေးနှုန်းကတော့ အဓိကတော့ ခန္တီး-မုံရွာ အမြန်ယာဉ်လမ်း ပိတ်လို့လေ။ လဟယ်က ခန္တီးကပဲ သယ်တာကိုး ကုန်တွေဆို အဲ့လိုပဲ တောင်ယာကို အရင်ကထက် ပိုခုတ်လာကြတယ်။ အဲလောက်ပါပဲ” ဟုပြောသည်။

လဟယ်မြို့တွင်လည်း ကြက်သား တစ်ပိဿာ ၅၀,၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၂၈,၀၀၀ကျပ်၊ ငါးတစ်ပိဿာ ၃၀,၀၀၀ကျပ် အထိ စျေးရှိနေပြီး အသားငါးပင် ဝယ်ယူစားသုံးသူ နည်းလာကြောင်း လဟယ်ဒေသခံများက ပြောသည်။

လဟယ် ဒေသခံက “ကုန်ဈေးနှုန်းကြောင့် မဝယ်စားနိုင်တဲ့ သူရှိတယ်လေ အများစုပေါ့။ ဈေးနှုန်းက တက် ဝင်ငွေက မရှိကြနဲ့ ခက်ခဲကြတာပေါ့။ တချို့က ချေးငှားစားကြတဲ့သူတွေလည်း ရှိတယ်။ အရင်က အသားငါး ပုံမှန်စားနေသူက အခု ကြက်ဥနဲ့။ အရာရာ အဆင်မပြေတာတော့ အမှန်ဘဲ။ အသားငါးတော့ မလွယ်ဘူး” ဟု ပြောသည်။

နာဂဒေသသည် အခြေခံစားသောက်ကုန်များအား မုံရွာမှ ချင်းတွင်းမြစ် ရေကြောင်းအတိုင်း တင်သွင်းရပြီး မုံရွာ- ဟုမ္မလင်း ကြားကို စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များက ပိတ်ထားသည်မှာ တစ်လကျော်ကြာ ရှိလာပြီးဟု ဒေသခံများက ပြောသည်။

လဟယ်မြို့သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဒေသဦးစီးရုံးစိုက်ရာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန္နဝါရီလ တွင် ပြုလုပ်ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်၌ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့သည့် ဒေသဖြစ်သည်။

နာဂဒေသ ဖွံ့ဖြိုးရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ထိုသို့ ၎င်းလာ ရောက်ပြီးနောက် ဒေသတွင်း မတည်ငြိမ်မှုများ၊ နာဂဒေသသို့ သွားရာ ကုန်းလမ်း၊ ရေလမ်းကြောင်းများ ပိတ်ခံ ထားရပြီးနောက် ယခုခါ အသားငါးများပါ ပြတ်လပ်ပြီး ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။