ငါးဖမ်းလှေများအား ပျူစောထီးအဖွဲ့က ညဘက်ဝင်ထွက်ခွင့်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာက ပျူစောထီးအဖွဲ့ဝင်များသည် ငါးဖမ်းလှေများကို ညဘက်ဝင်ထွက်ခွင့်ခြင်း မပြုရန် ပိတ်ပင်ထားသည်ဟု ရွာသားများက ပြောသည်။

ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ပင်လယ်သို့ ဝင်ထွက်ခွင့် ကန့်သတ်တားမြစ်ထားခြင်းမှာ နှစ်ပတ်နီးပါး ရှိနေပြီဖြစ်ကြောင်း ရွာသားများက ပြောသည်။

ကျောက္ကာကျေးရွာတွင် ပျူစောထီးအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၉ရက်နေ့က လာရောက်ပစ်ခတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ငါးဖမ်းလှေဝင်ထွက်ခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “ရွာထဲမှာ အော်လံနဲ့ လိုက်အော် ကြေငြာတာ၊ ငါးဖမ်းလှေတွေဆိုတာ က ပင်လယ်ပြင် ဝင်ထွက် သွားလာတာကို ဒီရေအတက်အကျပေါ် မူတည် လုပ်ကိုင်ရတာမို့ အချိန်အကန့် အသတ်နဲ့ လုံးဝလုပ်လို့ မရပါဘူး” ဟု ပြောသည်။

ကျေးရွာကို ညဘက်ဝင်ခွင့် မရသည့်အချိန်တွင် ဖမ်းမိထားသည့် သားငါးများ ပုပ်ပွသွားသည်များလည်း ရှိနေ ကြောင်း ရွာသားများက ပြောသည်။

ပင်လယ်ပြင် ဝင်ထွက်ခွင့် အချိန်မကန့်သတ်ခင်က ငါးဖမ်းလှေများအနေဖြင့် ရလာသည့် ပင်လယ်ထွက် ပစ္စည်း များကို အဝယ်ဒိုင်များနှင့် စားသုံးသူများအား ရောင်းချပေးနိုင်ပြီး လှေပေါ်တွင် ညဘက် သိုမထားရသည့် အတွက် ရေခဲစားရိတ် ထပ်မံကုန်ကျခြင်းမျိုးလည်း မရှိဘူးဟု ဆိုကြသည်။

ပျူစောထီးအဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပြီးတိုင်း စစ်သင်္ဘောများများ ရွာအနီးသို့ ရောက်လာလေ့ရှိခြင်းကြောင့် ရွာသားများအနေဖြင့် စိုးရိမ်ကြောက်လန့်နေကြသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက ကုန်းကြောင်းနှင့် ရေကြောင်းတွင်ပါ စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပြီးနောက် ပုလောမြို့နယ်အတွင်းရှိ ငါးဖမ်း လှေများကို စစ်ကောင်စီတပ်မှ ပိတ်ခဲ့ပြီး တစ်လခန့်အကြာတွင် နယ်မြေ အကန့်အသတ်နှင့် ပင်လယ် ထွက်ခွင့် ပြန်ပေးခဲ့သည်။