အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်ကြီးစထိမှန်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကဒဲလိပ်ကျေးရွာမှ အိမ်တစ်ဆောင်ပေါ်သို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းမှ လက်နက်ကြီးလေးချက်ခန့် ပစ်ခတ်ခဲ့ရာ ကဒဲလိပ်ကျေး ရွာမှ ကလေးငယ်တစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးထိမှန်ခဲ့သူမှာ အသက် ၅ နှစ်အရွယ် မအိဆွေ ဆိုသူဖြစ်သည်။ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာ များရရှိခဲ့ပြီး စိုးရိမ်ရသော အခြေအနေ ဖြစ်နေသောကြောင့် မြိတ်မြို့ရှိ ၅/၁၀၀ စစ်တပ်ဆေးရုံသို့ ပို့ဆောင်ထား ရကြောင်း ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “လက်နက်ကြီးကျည် ကျတဲ့အချိန် ကလေးငယ်တစ်ဦးပဲထိတာ၊ ကျန်တဲ့မိသားစုဝင်တွေ ဒဏ်ရာရတာမျိုး မရှိခဲ့ ဘူး” ဟု ပြောသည်။

မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းက ဇန္နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပျဉ်ထောင် အိမ်တခြမ်းလုံး ပျက်စီးခဲ့ပြီးနောက် အိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် တစ်စီးလည်း ပျက်စီးခဲ့သည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ရက်အတွင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။ မအိဆွေအပါအဝင် မြေမအုံကျေးရွာမှ အမျိုးသား တစ်ဦးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သေးသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာဘက်မှ စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကျည်ကျရောက်ပေါက်ကွဲပြီး မြေမအုံကျေးရွာမှ အသက် ၂၀ ဝန်းကျင် အရွယ်ရှိ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရွာသား အယောက် ၆၀ ခန့် အနည်းဆုံးရှိခဲ့ပြီး သေဆုံးသူ ၁၄ ဦး ထက်မနည်း ရှိခဲ့သည်။