အဖွဲ့လိုက် မုဒိမ်းမှုကျူးလွန်ခဲ့ဟု ဖမ်းဆီးခံ စစ်ကောင်စီတပ်သား ဝန်ခံ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်။
စစ်ကောင်စီတပ်က စစ်သားတွေဟာ ရခိုင်ပြည် မင်းပြားက အမျိုးသမီးတစ်ဦးကို အဖွဲ့လိုက် မုဒိမ်းပြုကျင့်ခဲ့တယ်လို့ အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ စစ်သားတစ်ဦးက ထုတ်ဖော်ပြောဆိုလိုပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက မင်းပြားမြို့နယ် ငတန်ပျင်း ကျေးရွာသူ တစ်ဦးကို အစုလိုက်အပြုံလိုက် မုဒိမ်းပြု ကျင့်ပြီးနောက် သတ်ဖြတ်ခဲ့တာ ဟုတ်မှန်တယ်လို့ မုဒိမ်းပြုကျင့်ရာမှာ ပါဝင်ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား တစ်ဦးက ဝန်ခံပြော ဆိုလိုက်ပါတယ်။
မင်းပြားမြို့နယ် ငတန်ပျင်းကျးရွာကို စစ်ကောင်စီ တပ်တွေ ဇန္နဝါရီလ ၁၆ ရက်နေ့က ရောက်ရှိပြီး ၂၀၂၄ ခုနှစ် ဇန္နဝါရီလ ၁၇ ရက်မှာတော့ အခုလို အစုလိုက်အဖွဲ့လိုက် မုဒိမ်းပြု ကျင့်မှုကို ကျူးလွန်ခဲ့တာလို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရတဲ့ တပ်သား ကိုကိုအောင်က ပြောပါတယ်။
“အန်တီကြီး တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပါတယ်။ တွေ့တဲ့အချိန်မှာ ပြီးသွားတဲ့အချိန်မှာ ဗိုလ်ကြီး နေလင်းကျော်ကနေပြီးတော့ ခေါ်ပါတယ်။ ခေါ်ပြီးတော့ ကောင်မလေးကို အန်တီကြီးနဲ့ ဒူးထောက် ပြီးတော့ထားပါတယ်။ ထားတဲ့အချိန်မှာ ကောင်မလေးကို ဆရာကြီး ကျော်မျိုးဦးက မေးပါတယ်။ မေးပြီးတော့ ကောင်မလေးက ငိုယိုပြီးတော့ ပြီးတော့ ပြောဆိုပါတယ်။ ကျမကို မလုပ်ပါနဲ့ မလုပ်ပါနဲ့ ငိုယိုပြီးပြောပြီးတော့ ကောင်မလေးကို အထဲထဲကို ခေါ်သွားပါတယ်။ ခေါ်သွားပြီးတော့ ပဝါစီးပြီးတော့ အထဲထဲကို ခေါ်သွားပါတယ်။ အိမ်အောက်ကို ခေါ်သွားပါတယ်။ ခေါ်သွားပြီးတော့ ဆရာကျော်မျိုးဦးကနေ ပြီးတော့ စပြီးတော့ မုဒိမ်းစကျင့် ပါတယ်။ ကျင့်ပြီးတော့ ဒု – တပ်ကြပ် သူရနိုင် ကျင့်ပါတယ်။ ဒု-တပ်ကြပ် ကျင့်ပြီးတော့ တပ်သားသစ် ချစ်လင်း ဦး ကနေကျင့်ပါတယ်။ ကျင့်ပြီးတော့ တပ်သားသစ် မျိုးအောင် ကနေကျင့်ပါတယ်။ ကျင့်ပြီးတော့ တပ်သားသစ် ကျနော် ကိုကိုအောင်ကနေ နောက်ဆုံးကနေ ကျင့်ပါတယ်”
စစ်ကောင်စီတပ်သား ကိုကိုအောင်ရဲ့ ဝန်ခံပြောဆိုမှုကို ရက္ခိုင့်တပ်တော် AA က မတ်လ ၄ ရက်နေ့မှာ ရုပ်သံနဲ့အတူ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကောင်မလေးကို မုဒိမ်ပြုကျင့်ပြီးနောက် သတ်လိုက်တယ်လို့ ကိုကိုအောင်က ဆက်ပြောပါတယ်။
“ကျင့်ပြီးတော့ ကောင်မလေးကို ဆွဲထုတ်ပြီးတော့ ဘေးဖက်ကို ထားတဲ့အချိန်မှာ ဆရာကြီး ကျော်မျိုးဦး ကနေပြီးတော့ အဲဒီ အန်တီကြီးကို ကျည် ၂ ချက် နဖူးကို ပစ်လိုက်ပါတယ်။ တပည့်ကိုကိုအောင်တော့ အဲဒီ ကောင်မလေးကို ရင်ဘတ်တည့်တည်ကို သေနတ်နဲ့ပစ်လိုက်ပါတယ်။ မသေပဲနဲ့ ဆရာသူရနိုင်ကနေပြီးတော့ ခြောက်လက်မ ဓားနဲ့ကို လည်ပင်းကို လှီးလိုက်ပါတယ်။ လှီးလိုက်တဲ့အချိန်မှာ သူတို့ ၂ ယောက်သေ သွားတဲ့ အချိန်မှာ ဆရာကြီး ကျော်မျိုးဦးကနေပြီးတော့ သတင်းပို့ ပြီးတော့ သူတို့ကို အမိန့်ပေးပါတယ်။ သူတို့ ၂ ယောက်ကို ဒီအတိုင်းထားခဲ့ပြီးတော့ ပြောဆိုပါတယ်”
အသတ်ခံရတဲ့အထဲမှာ မုဒိမ်းပြုကျင့်ခံရတဲ့ အမျိုးသမီးနဲ့အတူ သူမရဲ့ မိခင်လည်း ပါတယ်လို့ AA က ဆိုပါတယ်။
မုဒိမ်းကျင့် သတ်ဖြတ်ပြီးနောက် အလောင်းတွေကို ထားခဲ့ပြီး ခရီးဆက်ခဲ့ကြပေမယ့် တပ်ဖွဲ့ဝင်တွေဟာ လမ်းမှာပဲ ရက္ခိုင့်တပ်တော် AA ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့တယ်လို့ ကိုကိုအောင်က ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရက္ခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပါတယ်။
တိုက်ပွဲတွေကြားက ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းပြုလုပ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ မုဒိမ်းကျင့်တာ အစရှိတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ လူ့အခွင့် အရေး လှုပ်ရှားသူတွေနဲ့ AA က ဆိုပါတယ်။