လက်နက်ကြီးကျည်ကျသည့် မောင်မယ်‌ရှောင်ကျေးရွာ တစ်ရွာလုံးနီးပါး ပြောင်းရွှေ့နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၉ ရက်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျပြီးနောက် ရွာသားများ ပြောင်းရွှေ့နေကြ ရကြောင်း ရွာသားများက ပြောသည်။

မောင်မယ်ရှောင်ကျေးရွာ အတွင်းနှင့် ရှင်ဓါတ်ဝဲဘုရားဝင်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ရွာသား၂ ဦးဒဏ်ရာရရှိကာ သာသနိကအဆောက်အအုံများလည်း ထိမှန်ပျက်စီးခဲ့သည်။

ရွာသားတစ်ဦးက “လက်နက်ကြီးတွေရော စက်သေနတ်တွေရောပစ်နေတာ၊ တစ်ရွာလုံးနီးပါး ကြောက်လန့်ပြီး ပြောင်းရွှေ့ကုန်ကြတယ်။ မိသားစုအလိုက် ပြောင်းကြသူတွေ များတယ်” ဟု ပြောသည်။

လက်နက်ကြီးကျည်မှာ မောင်မယ်ရှောင်ကျေးရွာထဲ မတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်နေ့ ‌ညနေပိုင်းတွင် မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ရွာသားများက ပြော သည်။

တိုက်ပွဲကြောင့် ရန်ကုန် – ထားဝယ်ပြည်ထောင်စု လမ်းပေါ်ရှိ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်‌ဆေးရေးဂိတ် ကို စစ်ကောင်စီတပ်မှ ၂ နာရီခန့်အကြာ ပိတ်ထားခဲ့သည်။

မောင်မယ်ရှောင်ကျေးရွာနှင့် ဇဟာကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား မတ်လ ပထမပတ်အတွင်း ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလမှစပြီး ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းဖွဲ့တပ် တို့အကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးသူများရှိခဲ့ကြသလို စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရွာသားများ ထိခိုက်သေဆုံးသူများလည်း ရှိခဲ့သည်။