စစ်သင်တန်းတက်မည့် ပြည်သူ့စစ်များကို ထောက်ပံ့ရန် ရပ်ကွက်အတွင်း အဓမ္မငွေကြေးကောက်ခံ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်။

ပုသိမ်မြို့တွင် စစ်သင်တန်းတက်မည့် ပြည်သူ့စစ်များအတွက် ယူနီဖောင်းနှင့် သင်တန်းစားရိတ် ထောက်ပံ့ရန် ရပ်ကွက်အတွင်းရှိ ပြည်သူများထံမှ ငွေကြေး အဓမ္မကောက်ခံနေသည်ဟု အမှတ် ၁၄ ရပ်ကွက်တွင် နေထိုင်သူ အချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊အမှတ် ၁၄ ရပ်ကွက်တွင် ရပ်ကွက်အတွင်းမှ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သည့် ယုံကြည် ချရသူ ၁၀ ဦးကို ပြည်သူ့စစ်များအဖြစ် ရွေးချယ်ထားပြီး စစ်သင်တန်းတက်နေစဥ် ကာလအတွင်း ငွေကျပ် ၃၅ သိန်းခန့် ကုန်ကျမည်ဖြစ်သောကြောင့် ရပ်ကွက်နေ ပြည်သူများထံမှ ကောက်ခံခြင်းဖြစ်သည်။

အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ရပ်ကွက်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေဆီက ကောက်ခံထားတာ ၁၉ သိန်းလောက်ရပြီ။ မလောက်သေးဘူး ၁၆ သိန်းလောက် လိုနေတယ်။ ဒါကြောင့် ရပ်ကွက်ထဲမှာ ခွဲတန်းနဲ့ ကောက်ရတာ” ဟု ပြောသည်။

ဆက်လက်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ တစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ် ၃,၀၀၀ ကောက်ခံရန်နှင့် စီးပွားရေး အဆင်ပြေသည့် အိမ်များကို ကျပ် ၃,၀၀၀ အပြင် သဒ္ဒါကြေး အဖြစ် ပိုမိုထည့်ဝင်ရန် စည်းရုံး ကောက်ခံမည်ဟု ဆိုသည်။

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြည်သူ့စစ်များအဖြစ် စစ်သင်တန်း တက်မည့်သူများသည် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ သားများ၊ ဆွေမျိုးတော်စပ်သူများ နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ပြောသည်။

ပြည်သူ့စစ်သင်တန်းတက်မည့် မိသားစုနှင့် နီးစပ်သူတစ်ဦးက “ပြည်သူ့စစ်ထဲ ဝင်ထားရင် စစ်မှုထမ်းစရာ မလို တော့ဘူး။ သင်တန်းဆင်းလာရင် လက်နက်ပေးထားပြီး ကိုယ့် ရပ်ကွက်ကိုပဲ ရဲတွေကိုယ်စား လုံခြုံရေးယူပေး ရမှာ။ စောင့်ရှောက် ကာကွယ်ဖို့ တာဝန်ပေးမှာ” ဟု ပြောသည်။

စစ်သင်တန်းဆင်းပြီး ပါက မိမိရပ်ကွက်ကို‌ ကာကွယ်မည့် ပြည်သူ့စစ်များ ဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်း ရှင်များအနေဖြင့် ငွေကြေးထောက်ပံ့ပေးပါဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ငွေကြေးကောက်ခံခဲ့ သည်ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“အေးဗျာ စစ်သင်တန်းပြီးရင် လက်နက်ပါ ပေးကိုင်မှာ ဆိုတာကတော့ တကယ်ပဲလား သွယ်ဝိုက်ပြီး ခြိမ်း ခြောက် ပြောတာလား ဆိုတာတော့ မသိနိုင်ဘူးပေါ့။ အေး ဓားပြ တိုက်ခံရတယ်လို့ ခံစား‌ရတယ်။ ဘဝတွေက မလုံခြုံ တော့ဘူး” ဟု သိန်းငွေ အလှူငွေထည့်လိုက်ရသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အသက် ၇၀ ကျော် အငြိမ်းစား ဝန်ထမ်းတစ်ဦးကလည်း သုံးလေးဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်းဒဏ်ကို ပင်စင်လစာလေးဖြင့် မငတ်ရုံ ခြိုးခြံ‌ခြွေတာ စားသောက်နေရသည့်ကြားမှ ရပ်ကွက်က ကောက်သည့် ငွေကြေး များကိုလည်း ပေးနေရသည်ဟု ငြီးတွား ပြောဆိုသည်။

ပုသိမ်မြို့ရှိ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၈ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၁၀ ရပ် ကွက်နှင့် အမှတ် ၁၂ ရပ်ကွက်များတွင်လည်း ပြည်သူ့စစ်များ စစ်သင်တန်းတက်ရန်ဟု ဆိုကာ ငွေကြေး အဓမ္မ ကောက်ခံနေသည်ဟု ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။