စစ်မှုထမ်း စာရင်းတွင် အုပ်ချုပ်ရေးမှူး သားနာမည် မပါဝင်သောကြောင့် အချေအတင်ဖြစ်ပြီး ပွဲပျက်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်။

မြိတ်မြို့ တပ်ပြင်ရပ်ကွက်တွင် စစ်မှုထမ်းရန်အတွက် မဲနှိုက်ရမည့်သူ စာရင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားနာမည် မပါခြင်းကြောင့် စကားအချေအတင် ဖြစ်ပွားပြီး အစည်းအဝေး အစီအစဥ် ပျက်သွားခဲ့သည်ဟု ရပ်ကွက်နေထိုင်သူများ က ပြောသည်။

မတ်လ ၁၅ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က တပ်ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းရန် အတွက် မဲနှိုက်လူရွေးစဥ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်မှုထမ်းဆောင်ရန် အတွက် အသက် ၂၂ နှစ် မှ ၃၅ နှစ်အကြား လူငယ်များနှင့် အုပ်ထိန်းသူများကို ရုံးသို့ ခေါ် ယူခဲ့သည်။

စစ်မှုထမ်းလျှင် ရလာမည့် အကျိုးခံစားခွင့်နှင့် စစ်မှုမထမ်းပါက ဖြစ်လာမည့် ဆိုးကျိုးများကို တပ်ပြင်အုပ်ချုပ်ရေးမှူးမှ မဲမနှိုက်ခင်တွင် ပြောပြခဲ့သည်ဟု ရပ်ကွက်သားတစ်ဦးက ဆိုသည်။

မဲနှိုက်ရန် အစီအစဥ် စတင်မည့် အချိန်တွင် မဲနှိုက်ရန် ခေါ်ယူခံရသည့် အုပ်ထိန်းသူများမှ အုပ်ချုပ်ရေးမှူးတွင် လည်း စစ်မှုထမ်းရန် အချက်အလက်နှင့် ကိုက်ညီသည့် သားများရှိနေခြင်းကြောင့် အုပ်ချုပ်ရေးမှူးလည်း မဲနှိုက် သင့်ကြောင်း ပြောကြရာမှ စကား အချေအတင်များခဲ့ကြခြင်း ဖြစ်သည်။

“အုပ်ချုပ်ရေးမှူးမှာလည်း သားရှိတယ်။ အဲ့ဒီတော့ ရပ်ကွက်က လူတွေဝိုင်းမေး ဝိုင်းပြောကြတာပေါ့။ သူက တော့ အစည်းအဝေးမှာ သူ့သားက စာရင်း မကျလာသေးဘူးလို့ ပြန်ပြောတာ။ အရပ်က လက်မခံနိုင်တော့ ပွဲပျက် သွားတာပေါ့” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

မိနစ် ၂၀ခန့် စကား အချေအတင်များပြီးနောက် မဲနှိုက်ရမည့်သူများမှ ထပြန်သွားကြသဖြင့် မဲနှိုက်သည့် အစီအစဥ် ပျက်သွားရသည်ဟု အဆိုပါ ရပ်ကွက်မှ ပြည်သူများက ပြောသည်။

လက်ရှိအချိန်ထိ တပ်ပြင်ရပ်ကွက်တွင် စစ်မှုထမ်းဖို့ မဲနှိုက်ရန် ထပ်ပြီးခေါ်ယူလာခြင်းမျိုး မရှိသေးကြောင်း တပ်ပြင်ရပ်ကွက် နေထိုင်သူများက ပြောသည်။

မြိတ်မြို့တွင် မတ်လ ၁၅ ရက်နေ့မှ စတင်ပြီး ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တို့တွင် အသက် ၂၃ နှစ် မှ ၃၅ နှစ်အကြားရှိ အမျိုးသားများကို ခေါ်ယူကာ မဲနှိုက်ခိုင်းနေသည်။

အလားတူ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင်လည်း မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး စစ်မှုထမ်းရန် အတွက် လူစာရင်း ကောက်ယူခြင်းများကို လုပ်ဆောင်နေသည်ဟု ရပ်ကွက်သားများက ဆိုသည်။

တနင်္သာရီတိုင်း စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးမြတ်ကိုမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များကို ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။