စစ်ကောင်စီ၏လက်နက်ကြီးကျည်ကြောင့် သူနာပြုဆရာမ ဇနီးမောင်နှံ နှစ်ဦး ဒဏ်ရာရ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်။

တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာတွင် စစ်ကောင်စီ ကင်းစခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး သူနာပြုဆရာမ ဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

မတ်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်က တနင်္သာရီမြို့ရှိ ဆေးရုံမှ လယ်တောင်ယာကျေးရွာသို့ ပြန်လာ သည့် သူနာပြုဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ ရွာလမ်းပေါ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စ ထိမှန်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်းကြောင့် ခင်ပွန်းဖြစ်သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ ပြီး သူနာပြုဆရာမမှာမူ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “အိမ်အပြန် ဆိုင်ကယ်မောင်းနေရင်း ထိသွားတာ။ တော်တော်များ တယ်။ သူ့မိန်းမ ဂျူတီဆင်းကို သွားကြိုပြီး ပြန်လာတဲ့အချိန်မှာပါ” ဟု ပြောသည်။

လူထိခိုက်မှုမှုများ ရှိခဲ့သည့် အပြင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ် နှစ်ဆောင်၏ အိမ်ခေါင်မိုးများလည်း ပျက်စီးသွားခဲ့ကာ မီးကြိုးလိုင်းများလည်း ပျက်ကုန်သည်ဟု ရွာသားများက ဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိထားသူများကို တနင်္သာရီမြို့နယ် ဆေးရုံကြီးမှ တဆင့် မြိတ်မြို့ရှိ စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်း နီးစပ်သူများက ပြေညသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၈ လုံး လယ်တောင်ယာကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးကြောင်း ရွာ သားများက ပြောသည်။

တနင်္သလာရီတိုင်းအတွင်း ပြီးခဲ့သည့် နှစ်လခွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၇ ဦးထက် မနည်းရှိခဲ့ပြီး သေဆုံးသူ ၄ ဦးထက် မနည်း ရှိခဲ့ကြောင်း ဒေသအတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။