စစ်မှုထမ်းရန် စာရင်းကောက်ယူသည့်အဖွဲ့နှင့် စကားပြော အဆင်မပြေသူ ဖမ်းဆီးခံရပြီးနောက် သေဆုံး

သတင်းနှင့်မီဒီယာကွန်ရက်
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်။

စစ်မှုထမ်း‌ဆောင်ရန် ရပ်ကွက်အတွင်း စာရင်းကောက်ယူနေသည့်အဖွဲ့နှင့် စကားပြော အဆင်မပြေသူ တစ်ဦး ဖမ်းဆီးခံရပြီးနောက် ၂ နာရီခန့်အကြာတွင် သေဆုံးသွားသည်ဟု ဒေသခံများပြောသည်။

ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ၇ လမ်းတွင်နေထိုင်သူ ကိုသန်းထွန်းအေးနှင့် စစ်မှုထမ်းဆောင် ရန် အမည်စာရင်း လိုက်လံ‌ကောက်ယူနေသည့် အဖွဲ့တို့ အခြေအတင် စကားများရာမှာ မတ်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ရွှေတောင်စု ရပ် ကွက်တွင်နေထိုင်သူ အချို့က ပြောသည်။

“သူ့မှာက စစ်မှုထမ်းရမယ့် သားထောက်သမီးခံလည်း မရှိဘူး။ ဒါပေမယ့် အိမ်‌တွေကို စစ်မှုထမ်းဖို့ စာရင်း လာ ကောက်တာကို မကျေနပ်တာ။ မတရားလုပ်နေမှန်းသိလို့ အဲ့ဒီ လာကောက်တဲ့ အဖွဲ့က လူတွေနဲ့ ကတောက် ကဆ ဖြစ်တာကနေ အဖမ်းခံရတာ” ဟု ၇ လမ်းအတွင်းနေထိုင်သူ တစ်ဦးက ပြောသည်။

စစ်မှုထမ်းစာရင်း ကောက်ယူသည့်ကို အနှောင့်အယှက် ပေးသည်ဟု ဆိုကာ စစ်ကောင်စီ သတင်းပေးဟု နာမည် ကြီးနေသည့် ကိုနိုင်ဆိုသူမှ စစ်သားနှင့် ရဲတပ်ဖွဲ့တို့ကို သွားရောက်‌ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရွှေတောင်စုရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက “စစ်သားတွေရဲတွေ လာဖမ်းပြီဆိုထဲက ရိုက်တာနှက်တာ စစ် ဖိနပ်နဲ့ ကန်တာ တွေ့ရတယ်။ သူတို့ ပိုင်နက်ထဲ ရောက်တော့ ဘယ်လောက်များ နှိပ်စက်လိုက်လဲမှ မသိတာ။ အဖမ်းခံရပြီး ၂ နာရီလောက်ပဲ ကြာတယ်။ အလောင်း လာထုတ်ဆိုပြီး အကြောင်းတာပဲ” ဟု ပြောသည်။

ကိုနိုင်၏ သတင်းပေး တိုင်ကြားမှုကြောင့် ကြံခင်းမြို့တွင်၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ PDF ထောက်ပံ့သူများနှင့် ၎င်း အမြင်မကြည်သူ မျက်မုန်းကျိုးသူ အချို့တို့ ဖမ်းဆီးခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

၇ လမ်းတွင်နေထိုင်သူ ကိုသန်းထွန်းအေးမှာ ရိုက်နှက် နှိပ်စက်ခံရသည့် ပြင်းထန်ဒဏ်ရာများဖြင့် ဖမ်းဆီးခံရပြီး နာရီပိုင်းအကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

ကြံခင်းဆေးရုံနှင့် နီးစပ်သူတစ်ဦးက “ကျောပြင် ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ ဒဏ်ရာ အညိုအမဲတွေ စွဲနေတယ်။ နံရိုးတွေ ကျိုးနေပြီး တခြား ကလီစာတွေကို စိုက်ဝင်နေတာတဲ့” ဟု ပြောသည်။

ကိုသန်းထွန်းအေးသည် ဆိုက္ကားသမားတစ်ဦးဖြစ်ပြီး ရိုးသားအေးဆေးသူ တစ်ဦးသာဖြစ်ကြောင်း နိုင်ငံရေးသမား လည်း မဟုတ်ကြောင်း ရပ်ကွက်နေပြည်သူအချို့က ပြောသည်။

နိုင်ငံရေးသမားတစ်ဦး မဟုတ်သော်လည်း စစ်မှုထမ်း ဥပဒေကို အကြောင်းပြကာ လုပ်စား ခြောက်စားနေသည့် အုပ်ချုပ်ရေးအဖွဲ့များကို အမြင်မကြည်ရာမှ ပြောဆိုမိခြင် းဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

ကြံခင်းမြို့တွင် စစ်ကောင်စီ လက်အောက်ခံ စစ်ကောင်စီ တပ်သားများနှင့် ရဲများ၏ ဖမ်းဆီးမှုကို ခံရပြီး အသက် သေဆုံးခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်ပွားခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။