ကိုးကန့်တပ်က စိတ်ဝေဒနာရှင်တစ်ဦးအား ဖမ်းဆီး သတ်ဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ သိန္နီမြို့နယ်အတွင်း စိတ်ဝေဒနာရှင် တစ်ဦးအား စစ်ဆေးရေးဂိတ်တွင် ကိုးကန့် တပ်မတော် (MNDAA)က သတ်ဖြတ်ခဲ့သည်ဟု နီးစပ်သူ များက ပြောသည်။
အသတ်ခံရသူမှာ ကွတ်ခိုင်မြို့၊ ကောင်းခါးမြို့သစ် ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် ကချင် လူမျိုး ကိုဇော်ဆိုင်း ဆိုသူဖြစ်ပြီး သိန္နီမြို့နယ် နမ့်ခိုက်ကျေးရွာတွင် စပါးမျိုးစေ့ သွားယူစဉ်တွင် ဟိုမင်ကျေးရွာအဝင်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
အသတ်ခံရသည်ကို နီးစပ်သူများက သိရှိပြီးသည့်နောက် ဧပြီလ ၂ ရက်နေ့တွင် အလောင်းပြန်လည် ဖော်ယူ၍ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ရသည်ဟု ဆိုသည်။
နီးစပ်သူ တစ်ဦးက “သူက သူတို့နေခဲ့တဲ့ ရွာဟောင်းဘက်ကို သွားတာပေါ့။ အဲ့ကနေအပြန် လမ်းမှာ ကိုးကန့် တပ်မတော်တွေရဲ့ ဂိတ်တခုကို ဖြတ်ရတာ။ အဲ့ဂိတ်ကလူတွေ စစ်သားတွေက သူ့ကို ဖမ်းဆီး စစ်ဆေးတာ။ အဲ့ဒီ မှာ လက်လွန်သွားတယ် ဆိုပြီးမှ သတင်းရတာပေါ့လေ။ သူက နဂိုကတည်းက နားမကြားတဲ့လူ ဖြစ်တယ်။ စိတ္တ ဇဝေဒနာရှင် ပုံစံလည်း ဖြစ်နေတဲ့အခါကျတော့ သူတို့ မေးတာကို သူပြန်မဖြေနိုင်တာလည်း ဖြစ်ကောင်း ဖြစ် နိုင်တယ်ပေါ့။ အဲ့လိုမျိုးမှာ ရိုက်သတ်ခံရတာပေါ့လေ” ဟု ပြောသည်။
၎င်း၏ အလောင်းအား ပြန်လည်တူးဖော်ရာတွင် လက်နောက်ပြန်ကြိုးတုပ်၊ ဆာလာအိတ်စွပ်ထားပြီး ၎င်းလွယ် အိတ်တွင် ဓါးတစ်ချောင်း၊ ဆန် ၃ ပြည်နှင့် ဓမ္မကျမ်းစာအုပ်အား တွေ့ခဲ့ရသည်ဟု ဆိုသည်။
MNDAA အနေဖြင့် ဇော်ဆိုင်းမှာ ဓါးတစ်ချောင်းဖြင့် ၎င်းတို့အား ရန်မူသောကြောင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။
သို့သော် ၎င်းမှာ ကလေး ၂ ဦး၊ အမေအိုဖြစ်သူနှင့်အတူ နေထိုင်ပြီး လုပ်ငန်းခွင်နှင့် အိမ်အနီးနား ဝန်းကျင်တွင် ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး နေထိုင်တတ်သူ ဖြစ်သောကြောင့် MNDAA ၏ ဖြေရှင်းချက်မှာ ယုတ္တိ မဆန်ဘူးဟု နီးစပ်သူများက ပြောသည်။
ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးက “နောက်တခုက အဲ့ဒီနေရာမှာ ကိုးကန့်တပ်တွေပဲ ရှိတာလေ။ တိတိကျကျ အတည်ပြုနိုင်တာကတော့ ဒီအလောင်းသွားမြုပ်တဲ့ ရွာသားတွေက ကိုးကန့်တပ်တွေပဲ မြုပ်ခိုင်းတာလေ။ သူတို့ လူတစ်ယောက်ကို လက်လွန်ထားတယ်။ အဲဒီ အလောင်းကို မြုပ်ပေးပါ ဆိုပြီးတော့မှ အဲထဲပါတဲ့ လူတွေဆီက ရ တဲ့ သတင်းအချက်အလက်အရပေါ့။ နောက်ပြီးတော့ ကျနော်တို့ သိသိချင်း ဆက်သွယ်ပြီးတော့မှ သွားတွေ့ တဲ့ အချိန်မှာလည်း သူတို့က ဝန်ခံတယ်လေ။ သူတို့ လက်လွန်သွားတာ ဟုတ်တယ်၊ အထက်ကို တင်ပြပေးမယ်၊ တာ ဝန်ယူပေးမယ် ဆိုပြီး ပြောခဲ့တာ” ဟု ပြောသည်။
MNADD တပ်ဖွဲ့ဘက်က ကနဦးတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ယူပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် တာဝန်ယူဖြေရှင်းပေးခြင်း မရှိဘူးဟု ဆက်ပြောသည်။
သို့သော် “ဒါပေမယ့် ပြန်အကြောင်းကြားတဲ့ အချိန်မှာက ဘာမှ တာဝန်ယူမပေးနိုင်ဘူး။ အလောင်းဖော်ချင် တယ် ဆိုရင်တော့ လာဖော်ပြီးတော့မှ ပြန်သင်္ဂြိုလ်လို့ ရတယ်ဆိုပြီးတော့မှ အဲလိုမျိုး ပြောခဲ့တာပေါ့” ဟု အထက်ပါ ကူညီဆောင်ရွက်ပေးနေသူက ဆက်ပြောသည်။
ကိုဇော်ဆိုင်းမှာ မတ်လ ၆ ရက်နေ့က ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာမှ စပါးမျိုးစေ့သွားယူပြီး အပြန်တွင် MNDAA ကိုးကန့်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ထို့ကြောင့် စိတ်ဝေဒနာရှင် ကိုဇော်ဆိုင်းမှာ မတ်လ ဒုတိယပတ်ထဲတွင် အသတ်ခံရခြင်း ဖြစ်နိုင်ကြောင်း၊ မိသားစု ဝင်များက ယနေ့အချိန်ထိ ၎င်းအသတ်ခံရသည့် နေ့အတိအကျကိုပင် မသိရသေးဘူးဟု ဆိုသည်။
လတ်တလောတွင် မြို့ခံပြည်သူများ အနေဖြင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်၍ MNDAA မှ ကျူးလွန် ခဲ့သူများအား ထိထိရောက်ရောက် အရေးယူစေလိုပြီး ကျန်ရစ်သူ မိသားစု၏ စားဝတ်နေရေးအတွက်လည်း တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုထားကြသည်။