ထားဝယ်ထောင်မှ လွတ်မြောက်သူများထဲ နိုင်ငံရေး အကျဉ်းသူ တစ်ဦးသာပါ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်။
ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသူ ၁၁ ဦးထဲတွင် နိုင်ငံရေး အကျဉ်းသူတစ်ဦးသာ ပါသည်ဟု အကျဉ်းဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။
ပြန်လည် လွတ်မြောက်လာသူများ အထဲ နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်နှင့် အတူ ရာဇဝတ်မှုများဖြင့် အကျဉ်းချခံထားရသည့် အကျဉ်းသား ၁၀ ဦးပါဝင်သည်။
၎င်းတို့မှာ ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ် သည်။
ပြန်လည်လွတ်မြောက်လာသူ အကျဥ်းသားတစ်ဦးက “ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ခဲ့ရင် အဲ့ဒီပြစ်ဒဏ် အပြင် လက်ရှိကျခံဖို့ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို
ပါ ဆက်ပြီးကျခံပါမယ်ဆိုပြီး စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်ကို လွတ်ငြိမ်းခွင့်ပြုလိုက်တာပါ” ဟု ပြော သည်။
ယခု လွတ်ငြိမ်းတွင် ပါလာခဲ့သူ နိုင်ငံရေးအကျဉ်းသူ မသျှားပြည့်ခင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-က၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ဂ တို့နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီမှ နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသူ/သား သုံးထာင်ကျော်ကို လွှတ်ပေးမည်ဟု ထုတ်ပြန်ခဲ့ပြီး နောက် မိသားစုဝင်အချို့က အကျဥ်းထောင်အရှေ့၌ သွားစောင့်နေခဲ့ကြသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ပမာဏနည်းပါးခြင်းနှင့် ရာသီဥတု ပူပြင်းခြင်းတို့ကြောင့် အကျဥ်းထောင် အရှေ့ တွင် လာရောက်စောင့်သူဦးရေ နည်းသည်ကို တွေ့မြင်ရကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူ အချို့က ပြောသည်။
ထို့အပြင် မြိတ်အကျဥ်းထောင်မှလည်း အကျဥ်းသား ၁၀ ဦးနှင့် အကျဥ်းသူ ၃ ဦး ပြန်လွတ်လာပြီး ထိုအထဲ၌ နိုင်ငံရေး အကျဥ်းသားများ ပါဝင်ခြင်း မရှိဘူးဟု မြိတ်အကျဥ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၀ ကျော်ကို လွှတ်ပေးခဲ့ သည်။
ယခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) ကလည်း အကျဉ်းသား၊ အကျဉ်းသူ ၉,၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ပေရာ၌လည်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့သည်။