အဓမ္မ ဖမ်းဆီးခံ တိုက်ပွဲကျ ပြည်သူ့စစ် အလောင်းပြန်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေဒေသဘက်တွင် အဓမ္မ စစ်သား စုဆောင်းခြင်းခံခဲ့ရသည့် ပြည်သူ့စစ်တစ်ဦး ရှေ့တန်း၌ သေဆုံးခဲ့ပြီး အလောင်းပြန်မရဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ညောင်ရွှေမြို့နယ်၊ လင်လမ်တောင် ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာ၌ ကျဆုံးခဲ့သော ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သား တစ်ဦး၏ အလောင်းပြန်မရခြင်း ဖြစ်သည်။

မိသား စုနှင့် နီးစပ်သူတစ်ဦးက “ပုံထဲက လူတွေက ပြည်သူ့စစ်ကပဲ။ သူက ထိုင်းကနေ ပြန်လာတာပေါ့လေ။ အဲဒါ သူတို့က စစ်သား စုဆောင်းခံ ရတာ။ မသွားရင် ၅ သိန်း ပေးရတာပေါ့နော်။ အဲ့ဒါကြောင့် သွားရတာ။ သွားတော့ သင်တန်းပြီးတော့ ရှေ့တန်း ပို့ခံရတယ်။ ရှေ့တန်းမှာ ဆုံးသွားတယ်။ ၂၀ ရက်နေ့က သက်ပျောက် ဆွမ်းကပ်မယ်တဲ့။ အလောင်းက ပြန်မရဘူး” ဟု ပြောသည်။

ဧပြီလ ၄ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့အထိ စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် (PNLA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲ ကျဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်းပြည်သူ့စစ်အဖွဲ့မှ တပ်သားမှာ အိမ်ပြန်ခွင့်ရရန် ၂ ရက် အလို၌ တိုက်ပွဲထဲ ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု မိသား စုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခု သေသွားသော ပြည်သူ့စစ်တပ်သားမှာ စစ်သင်တန်း ၁၅ ရက်ပဲ တက်ပြီးနောက် ရှေ့တန်းကို ချက်ချင်း အပို့ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်ရေးမကျွမ်းကျင်၍ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု နီးစပ်သူများက သုံးသပ်ပြောဆိုကြသည်။

ကျောက်တစ်လုံးကြီးမြို့၊ နောင်လုံရပ်ကွက်၌ နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခွန်မောင်ပို သေဆုံးပြီးနောက် ဇနီးဖြစ်သူနှင့် အသက် ၃ နှစ်အရွယ် သားတစ်ဦး ကျန်ခဲ့သည်။

ကျောက်တစ်လုံးကြီးမြို့နယ်၌ ဆီဆိုင်တိုက်ပွဲ စတင်လိုက်သည့် ဇန္နဝါရီလ နောက်ဆုံးအပတ်က စပြီး PNA က အဓမ္မတပ်သားသစ် စုဆောင်းနေပြီး မလိုက်ချင်သူများ အနဖြင့် ငွေကြေးညှိနှိုင်း၍ ရသည်ဟု PNA နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“စစ်သားကောက်တယ် မသွားချင်ကြဘူးဆိုတော့ ငါသွားပေးမယ်။ တစ်နှစ် ဘယ်လောက်ပေး အဲလိုမျိုးပေါ့။ တစ်နှစ်ကို သိန်း ၁၀၀၊ ၂၀၀ အဲလိုမျိုး ကြေးစားငှားတာလည်း ရှိတယ်။ တချို့ကတော့ ကြေးစား ငှားဖို့လည်း မတတ်နိုင် အဲလိုမျိုးကျတော့ အတင်းအဓမ္မ စုဆောင်းခံရတာတွေလည်း ရှိတာပေါ့နော်။”

သေဆုံးသူ ခွန်မောင်ပိုကို ရည်စူးပြီး မိသားစုဝင်များ ဧပြီလ ၂၀ ရက်နေ့၌ သက်ပျောက်ဆွမ်း ကပ်လှူသွားမှာ ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး PNA ဌာနချုပ်ကို တိုင်ကြားသွားမည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ညောင်လေးပင်ကျေးရွာ တိုက်ပွဲထဲ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်ဘက်က ၃၇ ဦး သေဆုံးခဲ့ပြီး အများ စုက ငွေကျပ် ၅ သိန်း မပေးနိုင်ခဲ့၍ အဓမ္မ စစ်သား စုဆောင်းခံရခြင်း ဖြစ်သည်ဟု PNA နှင့် နီးစပ်သူများက ပြောသည်။

အလောင်းအများစုကို စစ်ကောင်စီတပ်ဘက်က လာရောက်ကောက်ယူနိုင်ခြင်း မရှိသည့်အပြင် ပြင်းထန်ဒဏ်ရာ များ ရရှိထားသူ အယောက် ၂၀ ကျော်ကိုလည်း အောင်ပန်းမြို့၊ ကုတင် ၇၀၀ စစ်ဆေးရုံကို ပို့ဆောင်ထားပြီး ကုသမှုခံယူ နေကြရသည်ဟု တပ်တွင်း သတင်းပေးများက ပြောသည်။