စစ်မှုထမ်းဥပဒေကြောင့် အင်းလေးကာကွယ်ရေးတပ်တွင် တပ်ဖွဲ့ဝင်သစ် နှစ်ဆတိုးလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်။

စစ်မှုထမ်း ဥပဒေကြောင့် အင်းလေး ကာကွယ်ရေးတပ်တွင် တပ်ဖွဲ့ဝင်အသစ်များ တိုးလာသည်ဟု တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည် အခြေစိုက်၊ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် ၁၀၀၉ တပ်ရင်းမှာ ဧပြီလ ၇ ရက်နေ့ အပတ်စဉ် ၈ အခြေခံ စစ်သင်တန်းဆင်းပြီ ဖြစ်ပြီး တပ်ဖွဲ့ဝင်သစ် ၂ ဆတိုးလာသည်ဟု အဖွဲ့တာဝန်ရှိသူ များက ပြောသည်။

အပတ်စဉ် ၈ မှာ သင်တန်းသားသစ် အယောက် ၂၀၀ ပါဝင်ခဲ့ပြီး စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များ ဖြစ်သည့် ဂျနီဗာကွန် ဗင်းရှင်း၊ ခံ၊ ခွါ၊ ချီ၊ တိုက်၊ လိုက်၊ စစ် အစရှိသည့် တိုက်ပွဲဆိုင်ရာ အတတ်ပညာရပ် ၁၈ ရပ်အပြင် ညတိုက်ပွဲ၊ အနီးကပ်တိုက်ပွဲများနှင့် ပတ်သက်ပြီး၍ စာတွေ့နှင့် လက်တွေ့ပိုင်း သင်ခန်းစာများကို သင်ကြားပေးခဲ့ကြသည်။

သင်တန်းကာလမှာ ၄၅ ရက်ကြာ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်ဟု အင်းလေး ပြည်သူ့ ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ ၏ တပ်ရင်းမှူး အင်းဆားကူးက ပြောသည်။

တပ်သားသစ်များလာတဲ့ အပေါ် မူတည်ပြီးတော့ ဒီစစ်မှုထမ်း ဥပဒေနဲ့ကတော့ သက်ဆိုင်မှု ရှိတယ်ပေါ့။ သို့ သော်ငြားလည်း ကျနော်တို့ ၈၀ ရာခိုင်နှုန်းသော ရဲဘော်တွေသည် စစ်မှုမထမ်းချင်လို့ ဒီဘက်ကိုလာတာ မဟုတ် ပါဘူး။ ၈၀ ရာခိုင်နှုန်းက အင်းသားတွေလည်း ဖြစ်တယ်။ ဘာဖြစ်လို့ အဲလို ပြောချင်လဲဆိုတော့ နဂိုကတည်း က ကျနော်တို့ကို ထောက်ပံ့မှုပေးနေတဲ့ သတင်းသော်လည်းကောင်း၊ တခြားအပိုင်း ကဏ္ဍတွေပေါ့နော်။ အဲ့ချိန် တုန်းက မိဘတွေ ခွင့်ပြုချက်မရှိလို့ မလာရတာ ဖြစ်တယ်။ သို့သော်ငြားလည်း အခုချိန်မှာက စစ်မှုထမ်း ဥပဒေ နဲ့ ပတ်သက်ပြီးတော့ မိဘတွေကကျတော့ စစ်ကောင်စီတပ်တွေကို တာဝန်ထမ်းဆောင်မှာ ကြောက်တဲ့ အတွက် ကျနော်တို့ဆီကို တိုက်ရိုက် ချိတ်ဆက်ပြီးတော့ အပ်လာတာလည်း ရှိတယ်။ လူငယ်တွေကတော့ စစ်မှုမထမ်း ချင်လို့ ဒီကိုလာတာ မဟုတ်ပါဘူး။ သူတို့ ဆန္ဒအစကတည်းက ရှိပြီးသားဆိုတာ ပြောချင်တာပါ။” 

တပ်ဖွဲ့ဝင်သစ် အားလုံးကို တိုက်ခိုက်ရေးပိုင်းတွင် အသုံးပြုသွားမည် မဟုတ်ဘဲ အခြေခံ စစ်သင်တန်း သင်ကြားမှု အပြီး ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် တပ်ရင်းတွင် ဆက်သွယ်ရေး၊ တိုက်ခိုက်ရေး၊ စနိုက်ပါ၊ ဒရုန်း၊ ထောက်ပို့၊ မိုင်းနှင့် ရုံးပိုင်းဆိုင်ရာ အစရှိသည့် ကဏ္ဍမျာတးွင် ဆက်လက်သင်ကြားခိုင်းပြီး တာဝန်များကို ချမှတ်ပေးသွားမည်ဟု ဆိုသည်။

တပ်ရင်းတွင် အင်းသားလူမျိုး ၈၀ ရာခိုင်နှုန်းရှိပြီး ကျန်သည့် ၂၀ ရာခိုင်နှုန်းမှာ CDM ဝန်ထမ်းများ၊ အခြား တိုင်း ရင်းသားများ ပါဝင်ကြပြီး အသစ်ဝင်လာမည့် တပ်သားသစ်များကို တပ်တွင်း တပ်ဖွဲ့ဝင်များ၏ ထောက်ခံချက် ပါမှ လက်ခံသွားမည်ဟု အင်းဆားကူးက ပြောသည်။

စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်းမှာ တပ်သား ၂၀၀ ဝန်းကျင်လောက် စုဆောင်းခဲ့တယ်ပေါ့။ ခုဏ ပြောသလိုပဲ။ တချို့သောရဲဘော်တွေက စစ်ကောင်စီမှာ စစ်မှုထမ်းရတာထက် PDF ဆီမှာ စစ်မှုထမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျနော်တို့ကို ဆက်သွယ်ပြီးတော့ ဝင်လာတာ ဖြစ်တယ်။ အဲဒါကြောင့် စိုးရိမ်စရာ မရှိဘူး။ အသိ တွေ ဖြစ်တယ်၊ မိသားစုဝင်တွေ ဖြစ်တယ်၊ တစ်ရွာတည်းသားတွေလည်း ဖြစ်တယ်။ အဝေးကနေ လာတာဆိုလို့ CDM တွေပဲ ရှိတယ်။ အဲဒီတော့ စိတ်ချရတဲ့ အတိုင်းအတာ ရှိတယ်။

IPDF တပ်ရင်းအား ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၀ ရက်နေ့က ကရင်နီပြည်တွင် ဖွဲ့စည်းခဲ့ပြီး လတ်ရှိအချိန်တွင် အပတ် စဉ် ၈ အထိ သင်တန်းဆင်းပွဲ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

အလားတူ အပတ်စဉ် ၉ စစ်သင်တန်းအတွက်လည်း တပ်ဖွဲ့ဝင်အသစ်များကို စတင် ခေါ်ယူနေပြီဟု ဆိုကြသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (MOD) ဖြစ်သည့် IPDF တပ် ရင်းက လစဉ် ငွေကျပ်သိန်း ၁၀၀ ခန့် ထောက်ပံ့ငွေရပြီး ထိုငွေပမာဏမှာ လက်ရှိကာလ ငွေကြေးပေါက်ဈေး အရ တစ်လစာ ရိက္ခာဖိုးပင် မလောက်ငှဘူးဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။