စစ်ကောင်စီ ပစ်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာတွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်း တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု ကျေးရွာနေ ပြည်သူ များက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ မေလ ၁၀ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်တိတိ ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
နန်းတုတ်ကျေးရွာနေ အမျိုးသား တစ်ဦးက “တစ်ညလုံးထုတာ။ အိမ်လို့လည်းမရဘူး။ ကုတင်အောက်မှာ ဝပ်နေ ရတယ်။ ကလေးတွေဆို နားစည်ကွဲမှာစိုးလို့ ကွမ်းဆို့ထားရတယ်။ တော်တော်များများ ညဦးကတည်းက ရှောင် ကြတာ။ ဒီမနက်လည်း ထပ်ရှောင်ကြသေးတယ်။ ကားရှိတဲ့သူတွေက အရင်သွားကြတာပေါ့။ ကားမရှိသူတွေ ကျတော့ စုပြီးကားငှားတာနဲ့ ပရဟိတ္တကားတွေ စောင့်တာနဲ့ဆိုတော့လေ။ လူထိခိုက်တာတေ့ မကြားမိသေးဘူး” ဟု ပြောသည်။
အလားတူ မေလ ၁၁ ရက်နေ့ ကလည်း ပင်လောင်းမြို့နယ်၊ လွယ်ကျိုင်းကျေးရွာကို စစ်ကောင်စီတပ်က လက် နက်ကြီး ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ရာ လူနေအိမ် ၅ လုံးခန့် ပျက်စီးမှုရှိသည်ဟု ကျေးရွာနေ ပြည်သူများ၏ ပြောပြ ချက်အရ သိရသည်။
လွယ်ကျိုင်းကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက “လက်နက်ကြီးရော သေနတ်ရောပစ် တာ။ ရွာထဲမှာ ဘယ်အဖွဲ့မှ မရှိဘဲနဲ့ အနီးကပ်လာပစ်နေတာ။ တော်တော်များများ အိမ်တွေဆို ကျည်ပေါက်ရာ တွေနဲ့။ လူတော့မထိဘူး”ဟု ပြောသည်။
နန်းတုတ်ကျေးရွာနေ ပြည်သူ အများစုမှာ ညောင်ရွှေမြို့နယ်၊ လုံးကန်နှင့် စံကားမြို့ဟောင်းဘက်သို့ တိမ်းရှောင် ကြပြီး တောင်ကြီးမြို့နယ်ဘက်သို့ တက်လာကြသူ အနည်းငယ် ရှိသည်ဟု ဆိုသည်။
သို့သော် လွယ်ကျိုင်းကျေးရွာနေ ပြည်သူများမှာ ပင်လောင်းမြို့နယ်အတွင်းက နီးစပ်ရာ ကျေးရွာများ၌သာ ခိုလှုံ နေကြပြီး အခြေအနေ အနည်းငယ် ငြိမ်သက်သည်နှင့် ၎င်းတို့ နေရပ်ထံ ပြန်ရန် စီစဉ်ထားသည်ဟု ဆိုကြသည်။
ပင်လောင်းမြို့နယ်၊ နန်းတုတ်၊ လွယ်ကျိုင်းစသည့် ကျေးရွာများ အပါအဝင် ကျေးရွာ ၅ ရွာခန့်မှာ စစ်ကောင်စီ တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘေးလွှတ်နိုင်မည့် နေရာများတွင် တိမ်းရှောင်နေရပြီး စားဝတ်နေ ရေး အကူအညီများ လိုအပ်နေကြသည်ဟု လူမှုကူညီရေးအသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။