ပြန်ပေးငွေ ပေးသော်လည်း အဆက်အသွယ်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်က ပြန်ပေးဆွဲခံရသူ ၂ ဦးအနက် တစ်ဦးကို ငွေကျပ်သိန်းတစ်ရာ၊ ကားတစ်စီးဖြင့် ပြန်ရွေးခဲ့သော်လည်း တစ်ဦးမှာ အဆက်အသွယ်မရဘူးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ဆီဆိုင်မြို့နယ်တွင် မေလ ၂၂ ရက်နေ့က အရပ်သား ၂ ဦးအား ပအိုဝ်းပြည်သူ့စစ်(PNA)က ပြန်ပေးဆွဲ ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ဆီဆိုင်မြို့နယ်၊ နမ့်စေမဲးကျေးရွာတွင် အသက် ၅၀ အရွယ် ခွန်ဝင်းနိုင်အား ၎င်း၏နေအိမ်တွင် ဝက်စာကျွေး နေစဉ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ငွေကျပ်သိန်းတစ်ရာ၊ ကားတစ်စီးဖြင့် မိသားစုများက ပြန်ရွေးခဲ့ရ သည်ဟု ဆိုသည်။
ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက “တော်လှန်ရေးနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ သာမာန်လူထုပါပဲ။ ခွန်ဝင်းနိုင် က တော့ ချမ်းသာတဲ့လူလည်း မဟုတ်ပါဘူး။ စားနိုင်သောက်နိုင် သာမာန်လူတန်းစားပါ။ ဝက်လည်း မွေးထားတာ ပေါ့လေ။ အဲ့ဒါကို သူတို့က သူများ ပိုက်ဆံလိုချင်လို့ ပြန်ပေးဆွဲလိုက်တာပေါ့။ ဗိုလ်ကြီးလယ်အဖွဲ့ပါပဲ။ ဦးထက် နိုင်လည်း တူတူပဲ။ ဦးထက်နိုင်တို့၊ ခွန်ဝင်းနိုင်တို့ဆိုတာ အဲဒီဒေသခံတွေကို သူတို့ (PNA) သိတယ်။ သူတို့မသိတာ မရှိဘူး။ တမင်သက်သက် လုပ်တာပေါ့” ဟု ပြောသည်။
ခွန်ဝင်းနိုင်အား ပြန်ရွေးရာတွင် PNA မှ ငွေကြေးပိုမိုတောင်းခံခဲ့ခြင်းကြောင့် ၎င်းနှင့် မိသားစုဝင်များမှာ ထွက် ပြေးခဲ့ရပြီး သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ဇနီးဖြစ်သူမှာ ပေါင်၌ သေနတ်မှန်ခဲ့၍ ဆေးကုသမှု ခံယူနေရ သည်။
အလားတူ ယင်းနေ့ (မေလ ၂၂ ရက်နေ့) ၌ပင် နောင်သိမ်ကျေးရွာနေ အသက် ၅၀ အရွယ် ရပ်မိရပ်ဖလူကြီး ဦးထက်နိုင်ကိုလည်း PNA မှ ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ပြီး ၎င်းပိုင်ဆိုင်သည့် ရွှေ၊ လက်ဝတ်လက်စား၊ ကား၊ အဖိုးတန် ပစ္စည်းများနှင့် ငွေကြေးများကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု နီးစပ်သူများက ပြောသည်။
ဦးထက်နိုင်အား နောင်သိမ်ကျေးရွာ သင်္ချိုင်းသို့ ဖမ်းဆီးသွားခဲ့ပြီးနောက် ကျေးရွာနေပြည်သူများမှာ ပြန်လည် လွတ်ပေးရန် လိုက်လံ တောင်းဆိုခဲ့သော်လည်း PNA မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တိမ်းရှောင် ထွက်ပြေးခဲ့ ရသည်ဟု ဆိုသည်။
နောင်သိမ်ကျေးရွာတွင် နေထိုင်သူ အမျိုးသား တစ်ဦးက “ဒီလိုမျိုးလုပ်ရပ်တွေက သူတို့က စစ်ကောင်စီ လက် အောက်ခံဆိုတော့ စစ်ကောင်စီရဲ့ အကျင့်တွေ ကူးစက်ကုန်တာပေါ့လေ။ သေနတ်ရှိတယ်။ သေနတ်ကိုင်ထား တယ်။ သာမာန်ပြည်သူလူထုကို သေနတ်နဲ့ ချိန်တယ်၊ ခြိမ်းခြောက်တယ်၊ ဖမ်းဆီးတယ် ငွေညှစ်တယ်ဆိုတာက သူတို့အတွက် လုပ်ရတာ လွယ်လွယ်ကူကူ ဖြစ်သွားတာပေါ့နော်။ အာဏာရှင်တွေရဲ့ အကျင့်စရိုက်အတိုင်း သူတို့က လုပ်နေတာပေါ့။ အင်မတန်မှ ရက်စက်တဲ့ လုပ်ရပ် ဖြစ်ပါတယ်” ဟု ပြောသည်။
လတ်တလောတွင် ဦးချစ်နိုင်အား မည်သည့်နေရာတွင် ဖမ်းဆီးထားသည်နှင့် အသက်ရှိ/မရှိကို မသိရသေးဘဲ PNA တပ်များမှာ မေလ ၁၁ ရက်နေ့ ညတွင်လည်း နောင်ရင်းကျေးရွာနေ ရွာသူကြီး ညီအစ်ကို ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သောကြောင့် မိသားစုဝင်များမှာ စိုးရိမ် ပူပန်နေကြသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) အား ဆက်သွယ် မေးမြန်းရာတွင်လည်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“ဒီလိုမျိုးကျူးလွန်တာ၊ လက်နက်ကိုင်ပြီးတော့ ပြည်သူလူထုကို အနိုင်ကျင့်တာ၊ နှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာတွေက အင်မတန်မှ အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒီလိုမျိုးတွေ လက် နက်ကိုင်ပြီးတော့ ပြည်သူလူထုကို အနိုင်ကျင့်တယ်ဆိုတာ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ် အာ ဏာရှင်တွေရဲ့ ကျေးကျွန်တွေသာ ဒီလိုမျိုး လုပ်ဆောင်နေတာ။ ဒါကြောင့်စစ်အာဏာရှင်စနစ် ပြုတ်ကျမှသာ ဒီလိုမျိုး ဆင်းရဲဒုက္ခကနေ ပြည်သူလူထုတွေက ထာဝရ ကင်းလွတ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင် စနစ် ပြုတ်ကျဖို့ ကျရာနိုင်ရာကနေ တာဝန်ထမ်းဆောင်ကြဖို့ ပြောချင်ပါတယ်။”
ဆီဆိုင်တိုက်ပွဲ စတင်လိုက်သည့် ဇန္နဝါရီလ ၂၁ ရက်နေ့က စ၍ မေလ ၁၈ နေ့အထိ စစ်ကောင်စီတပ်၊ PNA ပူးပေါင်းတပ်တို့၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများ၊ မြေမြုပ်မိုင်း၊ မတရား ဖမ်းဆီးသတ်ဖြတ်မှု စသည့် လုပ်ရပ်များကြောင့် အရပ်သား ၆၉ ဦး သေဆုံးခဲ့ပြီး ၉၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
ထို့အပြင် ပြည်သူ ၆ သောင်းခွဲနီးပါးခန့်လည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်ဒရှောင်နေရသည်ဟု ပအိုဝ်း လူငယ်အစည်းအရုံးက ဖော်ပြရေးသားထားသည်။