ကရင်နီ ဒေသအချို့တွင် ဆေးဝါး အခက်အခဲ တွေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂ ရက်။
မိုးရာသီကာလ ရောက်လာပြီ ဖြစ်သည့်အတွက် ကရင်နီပြည်ရှိ ဝေးလံခေါင်ဖျားဒေသများ၌ ဆေးဝါးလိုအပ်ချက်များနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲများ ကြုံတွေ့ရသည်ဟု ဒေသခံများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးသူ ဝန်ထမ်းများက ပြောသည်။
ကရင်နီပြည်၏ ဝေးလံ ခေါင်းဖျားဒေသဖြစ်သော ဖရူဆိုအနောက်ဖက် ထူးချောင်းဒေသ၌ စစ်ရှောင်ရင်း စေတ နာ့ဝန်ထမ်း လုပ်ကိုင်နေသော CDM သူနာ ပြုဆရာမ တစ်ဦးက ယခုနှစ် မိုးရာသီကာလတွင် သူမ ကြုံတွေ့နေရ သည် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“မိုးတွင်းကာလရောက်ရင် ဒီဖက်ကြုံတွေ့ရတဲ့ အဓိက အခက်အခဲက လမ်းပန်းဆက်သွယ်ရေးပဲ။ ပြီးတော့ လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် ဆေးဝါးထောက်ပံ့မှုက ပိုခက်ခဲလာတယ်” ဟု ပြောသည်။
ကျေးရွာချင်း ဆက်သွယ်ထားသည့် လမ်းများမှာ မြေသားလမ်းများသာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေး ရန် သွားရောက်ကွင်းဆင်းရာတွင် လမ်းလျှောက် ကွင်းဆင်းရသည့်အတွက်လည်း ခက်ခဲပင်ပန်းမှုများစွာ ကြုံ တွေ့နေရသည် ဟု ဆိုသည်။
လမ်းပန်းဆက်သွယ်ရေး အပြင် ကျေးရွာလူထုများအတွက် လိုအပ်သည့် အခြေခံဆေးဝါးများမှာလည်း ရရှိရန် အလွန်ခက်ခဲနေသည်ဟု အဆိုပါ CDM သူနာပြု ဆရာမက ဆက်ပြောသည်။
“အခု ရရှိထားတဲ့ ဆေးဝါးအနည်းငယ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေရတဲ့ အခြေအနေက လုံးဝအဆင် မပြေဘူး။”
ဖရူဆိုအရှေ့ဖက်ခြမ်းရှိ စစ်ရှောင် အမျိုးသမီးငယ်တစ်ဦးကလည်း” ညီမနေတဲ့ဖက်မှာတော့ပေါ့နော် ကျန်းမာ ရေး ဝန်ထမ်းတော့ ရှိတယ်။ ဆေးဝါးကတော့ လုံလောက်တယ် ဆိုတာထက် မရနိုင်တဲ့ ဆေးဝါးတွေလည်း ရှိ တယ်။ ဆေးဝါးအစုံအလင် ရှိတာမျိုးတော့ မဟုတ်ဘူးပေါ့နော်”ဟု ပြောသည်။
ထို့အတူ ကရင်နီပြည်သူများထဲမှ လူဦးရေထက်ဝက်ခန့် စစ်ရှောင်နေကြရသည့် ဒီးမော့ဆို အနောက်ဖက်ခြမ်း က စစ်ရှောင်စခန်းများရှိ ကျောင်းများတွင်လည်း အခြေခံဆေးဝါးနှင့် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း ကိစ္စ ရပ်များ စသည့် လိုအပ်ချက်များ ရှိနေသည်ဟု စစ်ရှောင် CDM ကျောင်းဆရာတစ်ဦးက ပြောသည်။
“အဓိကကတော့ ဆယ်ကျော်သက်အရွယ် သံဓာတ်အားဆေးနဲ့ ယူရစ်အက်ဆစ်တွေ လိုအပ်တယ်။ ကျောင်း ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဟောပြောပွဲလေးတွေ အဲ့ဒီအပိုင်းမှာလည်း လိုအပ်နေတယ်။ စစ်ရှောင်စခန်း တွေမှာတော့ အဓိက ကဆေးဝါးပဲ လိုတယ်” ဟု စစ်ရှောင် CDM ကျောင်းဆရာက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင် ဖြစ်ပွားလာသည့် စစ်ရေး ပဋိပက္ခများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေထိုင်စားသောက်ရေးအတွက် သာမက ပညာရေး အခွင့်အလမ်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရေး အခက်အခဲများ ဖြစ်နေကြသည်။
လက်ရှိ မိုးတွင်းကာလတွင် သွားရေးလာရေး ပိုမိုခက်ခဲ့လာသည့်အပြင် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ ရာသီတုတ်ကွေး အစ ရှိသည့် ရောဂါများ အဖြစ်များလာနေသည့်အတွက် ဆေးဝါးလိုအပ်ချက်များ အဓိက ဖြစ်နေသည်ဟု ဒေသခံများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးသူ ဝန်ထမ်းများက ပြောသည်။