အလံဖြူထောင် အညံ့ခံခဲ့သည့် စခန်းသိမ်းတိုက်ပွဲမှသည် စခန်းပေါင်း ၆၀ လက်လွှတ်ဆုံးရှုံးခဲ့သည့် စစ်တပ်
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့။
မတ်လ ပထမပတ်ထဲတွင် စစ်ကောင်စီတပ်က အလံဖြူထောင် အညံ့ခံခဲ့သည့် တိုက်ပွဲမှာ ခလရ ၁၄၂ စခန်းသိမ်း တိုက်ပွဲပင် ဖြစ်သည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ မတ်လ ၇ ရက်နေ့ထိ မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် လက်အောက်ခံစခန်းများ ဖြစ်သည့် ဖွန်းပြန်တောင်၊ ဘွမ်ရယ်တောင်၊ ခယာတောင် စခန်းများအပြင် စခန်းပေါင်း ၁၀ ခုခန့်ကို (Hpum Pyen Bum) တပ်စခန်းအပါအဝင် စခန်း ၁၀ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများကို အတည်ပြု ပြောဆိုထားသည်။
ဗန်းမော်မြို့နယ်၊ ဒေါ့ဖုန်းယန်အနီး ခန်းကိုင်တောင်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ခလရ (၁၄၂) တပ်စခန်း အလံဖြူထောင် လက်နက်ချခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၇ ရက်နေ့က စတင်၍ အဆိုပါ ခလရ ၁၄၂ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပိတ်ဆို့ထားခဲ့ရာ ယခုကဲ့သို့ စစ်ကောင်စီ တပ်စခန်းဘက်က အလံဖြူထောင်အညံ့ခံလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။
မြေပြင် သတင်းအရင်းအမြစ်က “အလံဖြူထောင်တယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ကတည်းက ပိတ်ထားတော့ ဒီနေ့ အလံဖြူထောင်လာတယ် သူတို့ဘက်က။ အခုကတော့ စခန်းထဲ တချို့တဲတွေလည်း မီးလောင်ကုန်တယ်။ အခု အလံဖြူထောင်တဲ့ ဒီစခန်းက စခန်းကြီးပါပဲ။ အလံဖြူမထောင်ခင်အထိတော့ ပစ်နေကြတာပေါ့။ အခု တော့ ရပ်လိုက်ပြီ။ မပစ်တော့ဘူး” ဟု ပြောသည်။
မတ်လ ၈ ရက်နေ့၊ နံနက်ပိုင်းအချိန်ထိ ဒေါ့ဖုန်းယန်အနီးက ခန်းကိုင်တောင်တွင် အခြေချတပ်စွဲထားသည့် ခလရ ၁၄၂ တပ်စခန်းနှင့် ဗန်းမော် – မြစ်ကြီးနား လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်း အဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး တိုက်ပွဲကလည်း ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
ထို့နောက် နံနက် ၁၁ နာရီအချိန်ခန့်စပြီး ခန်းကိုင်တောင်က ခလရ ၁၄၂ တပ်စခန်းမှ အလံဖြူထောင်လာခြင်း ဖြစ် သည်။
“စစ်သုံးပန့်တွေကိုတော့ သွားခေါ်နေကြပြီ။ လက်နက်တွေလည်း များတယ်။ တပ်ထဲမှာ တပ်မိသားစုတွေလည်း ရှိတယ်လို့ ပြောတယ်။ အသေးစိတ်ကိုတော့ မသိသေးဘူး” ဟု အဆိုပါ မြေပြင် သတင်းအရင်းအမြစ်က ပြော သည်။
စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို KIA နှင့် ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိခဲ့ကြသည်။ ထို့အပြင် စခန်းထဲ တပ်မိသားစုများလည်း ရှိနေကြောင်း ပြောဆိုနေကြသော်လည်း အဆိုပါ အခြေအနေနှင့် ပတ်သက်၍ အသေး စိတ်အခြေအနေနှင့် နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။
တိုက်ပွဲများ စတင်ဖြစ်ပွားချိန်ကစ၍ ဒေါ့ဖုန်းယန်နားတဝိုက်က ပြည်သူများမှာ ဘေးလွှတ်ရာကို ထွက် ပြေးတိမ်း ရှောင်ကုန်ပြီ ဖြစ်သည်။
ရက်ပိုင်းအတွင်း စခန်းပေါင်း ၁၀ ခုထက်မနည်း ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေသည်။
လိုင်ဇာမြို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က မတ်လ ၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းမှစတင်၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လိုင်ဇာမြို့ခံ အမျိုးသားတစ်ဦးက “လူထုနေတဲ့ နေရာတွေကိုပစ်တာပါ။ တရုတ်ဘက်ခြမ်းလည်းကျတယ်။ နယ် စပ်ဂိတ်နားတွေ ကျတယ်။ ကျနော်တို့ ပြည်သူတွေက မနေ့ကစပြီး ဘေးလွှတ်ရာကို ထွက်ပြေးနေကြပြီ။ ဒီနေ့ မနက်မှာတော့ အကုန်ပေါ့ ကျန်ခဲ့တဲ့လူတွေလည်း ထွက်ပြေးရတယ်။ လေယာဉ်က မနက်ကတည်းက လာလိုက် ပစ်လိုက်၊ ပြန်သွားလိုက် ပြန်လာဝဲလိုက် အဲ့လိုမျိုး ဖြစ်နေတာ” ဟု ပြောသည်။
လိုင်ဇာမြို့အနီးတဝိုက်တွင် မတ်လ ၇ ရက်နေ့ (ယမန်နေ့) ကစပြီး တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး စစ်တပ်ဘက်က မြို့ထဲကို လေကြောင်းသုံး ဗုံးကြဲမှုများ ဆက်တိုက်လုပ်နေသည်ဟု မြို့ခံများက ပြောသည်။
မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း လိုင်ဇာမြို့ထဲ လေကြောင်းနှင့် ဗုံးကြဲခဲ့ရာ တရုတ်နိုင်ငံဘက်ခြမ်း၌ပါ ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့သည်။
ဒေသခံအမျိုးသမီး တစ်ဦးက “လေယာဉ်တွေကတော့ လာနေတာပဲ။ လေယာဉ်နဲ့လည်းပစ်တယ်။ လက်နက် ကြီးနဲ့ကတော့ သူတို့ဆီကလည်း ထုတယ်။ ကိုယ့်ဘက်ကလည်း ထုနေတာပဲ။ မနက် ၉ နာရီလောက်က လေယာဉ်နဲ့ လာချတာ။ လာချတော့ တရုတ်ဘက်ကမ်းနဲ့ လိုင်ဇာ အဝင်ဘက်နားလေ အဲ့နားမှာကျတယ်” ဟု ပြော သည်။
လက်ရှိ လိုင်ဇာမြို့၏ အခြေအနေနှင့်ပတ်သက်၍လည်း ဒေသခံအမျိုးသမီးကြီး တစ်ဦးက “ကျမတို့ မပြေးလို့ မရတော့ဘူး။ အစပိုင်းတော့ သိပ်မစိုးရိမ်ရလောက်ပါဘူးဆိုပြီး မနေ့ကအထိ နေနေကြသေးတယ်။ ဒီနေ့ မနက် ပိုင်းမှာတော့ မထွက်လို့မရတော့ဘူး။ အခုက ဘယ်နားလဲဆိုတော့ တောထဲပဲ ပြောရမယ်။ ဘေးလွှတ်နိုင်မယ့် နေရာပေါ့။ ကလေးတွေရော၊ လူကြီးတွေရော အကုန်လုံးပဲ။ ဘယ်သူဖြစ်ဖြစ် ကိုယ်ပြေး တတ်တဲ့နေရာ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြေးပဲ။ မြို့ကတော့ တိတ်ဆိတ်နေပြီ” ဟု ပြောသည်။
ယနေ့ မွန်းလွှဲပိုင်းအချိန်ထိ လေယာဉ်များ လိုင်ဇာအနီးဝန်းကျင်တွင် ပျံဝဲနေသေးသောကြောင့် မြို့ထဲက ပျက် စီးမှု၊ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။
မတ်လ ၇ ရက်နေ့ ကလည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ ဝေကျိုင်စစ်ရှောင်စခန်းအနီးနှင့် အခြားနေ ရာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိမှန် သေဆုံးခဲ့ သည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ မတ်လ ၇ ရက်နေ့တွင် မြစ်ကြီးနား – ဗန်းမော်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် လက်အောက်ခံစခန်းများဖြစ်သည့် ဖွန်းပြန်တောင်၊ ဘွမ်ရယ်တောင်၊ ခယာတောင် စခန်းများအပြင် စခန်းပေါင်း ၁၀ ခုကျော်ကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်လာခြင်း ဖြစ်သည်။
တိုက်ပွဲများ ပြင်းထန်လာသည့် ကချင်ပြည်နယ်ထဲတွင် KIA က စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၆၀ နီးပါးကို သိမ်းယူနိုင်ခဲ့သည်။
မြစ်ကြီးနား-ဗန်းမော်- လွယ်ဂျယ် လမ်းတလျှောက်က တိုက်ပွဲများထဲ စစ်ရေးအရ အရေးပါသော စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၆၀ နီးပါးကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းယူထားပြီး ဖြစ်သည်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ၃ ပတ်ကျော်အကြာ တိုက်ပွဲထဲ စစ်ကောင်စီ၏ စခန်းကြီးငယ်ပေါင်း ၆၀ နီးပါးကို သိမ်းယူထားနိုင်ပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“စုစုပေါင်းကတော့ ၅၆-၅၈ လောက်ရှိပါပြီ။ အဓိကတော့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတကြောလုံးနဲ့ အဲ့ဒီလွယ်ဂျယ်-ဗန်းမော် ကားလမ်း အဲ့ဒီ လွယ်ဂျယ်အပေါ်က တောင်ကုန်းပေါ်က စခန်းတွေဖြစ်ပါတယ်။ ကျနော်တို့ လိုင်ဇာဘက်က ဟို နာဖော့တို့ လိုင်စင်တို့ပေါ့နော် အဲ့ဒီစခန်းတွေလည်း ပါ ပါတယ်။”
မတ်လ ၇ ရက်နေ့က စတင်လိုက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးဝန်းကျင်က စစ်ရေးတင်းမာ မှုများမှာ ယနေ့အချိန်ထိ တင်းမာနေဆဲဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြစ်ကြီးနား -ဗန်း မော် – လွယ်ဂျယ် လမ်းတစ်လျှောက်က စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော စခန်းကုန်းများကို လက် လွှတ်ခဲ့ရသည်။
ယခု သိမ်းယူထားသော စခန်းများမှာ စစ်ရေးအရ အရေးပါသလို တချိန်က KIO/KIA ၏ တပ်စခန်းများ ဖြစ်သည်။
၂၀၁၁ တကျော့ပြန်တိုက်ပွဲအပြင် ယခင်က လက်လွှတ်ဆုံးရှုံးခဲ့ရသော တပ်စခန်းများ ဖြစ်သည်ဟု ဗိုလ်မှူး ကြီးနော်ဘူက ဆက်ပြောသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း သိမ်းယူထားသည့် ယောယုံတပ်စခန်း၏ စစ်ရေးအရ အရေးပါပုံနှင့် ပတ်သက်၍လည်း ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ဆက်ပြောသည်။
“အရေးကြီးပါတယ်။ လွယ်ဂျယ်ရဲ့ လုံခြုံရေးယူတဲ့ ဗျူဟာကုန်းလည်း ဖြစ်ပါတယ်။ နောက် လွယ်ဂျယ်နဲ့ ဗန်း မော်သွားတဲ့ ကားလမ်းရဲ့ လုံခြုံရေးလည်း ဖြစ်တယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဒီမိုင်ဂျာယန်ကိုလည်း ခြိမ်းခြောက်တဲ့ ဗျူဟာကုန်း စခန်းကြီး ဖြစ်ပါတယ်။ တော်တော်လေး ဗျူဟာကျတဲ့ စခန်းဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ ပြောမယ်ဆိုရင်လည်း အရင်က ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံးစုပြီး အဲ့ဒီ ယောယုံ စခန်းကို တိုက်ဖူးပါတယ်။ သူတို့လည်း တခါတလေတော့ ကျသွား ကျနော်တို့ပြန်ထိုင်၊ သူတို့ပြန်ထိုင် အဲ့လိုနေ ရာ ဖြစ်ပါတယ်။”
မတ်လ ၇ ရက်နေ့ကစတင်၍ ယနေ့အချိန်ထိ ဆက်တိုက် စခန်းများ စွန့်လွှတ်ခဲ့ရသည့် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် မဆင်နိုင်တော့ဘဲ လေကြောင်း ထိုးစစ်သုံး၍ စခန်းများ ပြန်လည်ရရှိနိုင်ရေး ကြိုးစားနေသည်။
ဗိုလ်မှူးကြီးနော်ဘူက “မြေပြင်တိုက်ပွဲကတော့ ငြိမ်နေပါတယ်။ မရှိသလောက် ဖြစ်နေပါပြီ။ ဒါပေမယ့် စကစ ဘက်ကတော့ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ရှိပါတယ်။ ဥပမာ မြို့သစ်၊ ကုန်းလော ဒီနေ့ (၃၁ ရက်နေ့)လည်း ဗုံးကြဲတယ်လို့ ကြားရတယ်” ဟု ပြောသည်။
မတ်လ ၃၁ ရက်နေ့တွင်လည်း လွယ်ဂျယ်နှင့် ဗန်းမော်ကြားက စိန်လုံစခန်းကုန်းကို သိမ်းပိုက်ရယူနိုင်ရေး KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေသလို လွယ်ဂျယ်မြို့ကလည်း ဒေသခံများကိုလည်း မြို့ထဲမှ ထွက်ပေးဖြို့ KIA ဘက်က သတိပေးထားသည်ဟု ဒေသခံများက ပြောသည်။
လွယ်ဂျယ် ဒေသခံ အမျိုးသမီးတစ်ဦးက “ကျမတို့ အခု နေ့လည် ၁ နာရီ ၂ နာရီလောက်မှာပဲ ထွက်ဖို့ပြင်နေရ တယ်။ KIA က လှမ်းပြီးပြောတယ်။ အားလုံးထွက်ပေးကြဖို့ကို။ ဘယ်နေရာကို သွားမယ်ဆိုတာကိုတော့ လုံခြုံ ရေးအရ ပြောလို့မရဘူး။ ပြည်သူတွေအကုန်လုံး ပစ္စည်းသိမ်းနေကြတယ်။ တချို့ အမျိုးသားတွေတော့ မြို့ စောင့် အနေနဲ့ နေခဲ့ကြမယ်” ဟု ပြောသည်။
မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လွယ်ဂျယ်မြို့အနီးဝန်းကျင်တွင် ရှိသော စစ်ရေးအရ အရေးပါသည့် စစ် ကောင်စီတပ်၏ ယောယုံ ဗျူဟာတပ်စခန်းကုန်း အပါအဝင် မဒမ်ဘွမ် တပ်စခန်း၊ လော့မွန်တပ်စခန်း၊ ငှဂရန်း တပ်စခန်း၊ ဘန်ယောင်းတပ်စခန်း၊ ရှန်တိုင်တပ်စခန်း၊ လော့ဒန်တပ်စခန်းနှင့် အခြားသော စခန်းငယ်များကိုပါ KIA နှင့် ပူးပေါင်း အဖွဲ့တို့က သိမ်းပိုက်ရရှိထားပြီး ဖြစ်သည်။
အလားတူ မိုးမောက်မြို့နယ်ထဲက မြို့သစ်၊ ကုန်းလော စခန်းကုန်းတို့ အပါအဝင် KIO ဌာနချုပ်ဟောင်း လိုင်စင် အနီးဝန်းကျင်က နာ့ဖော့၊ ပါဂျောင် စခန်းတို့အပြင် စခန်းပေါင်း ၆၀ နီးပါးကို KIA နှင့် ပူးပေါင်းအဖွဲ့တို့က သုံးပတ် တာ ကာလအတွင်း သိမ်းယူထားပြီး ဖြစ်သည်။
ဓါတ်ပုံ – Crd (မတ်လ ၇ ရက်နေ့ တိုက်ပွဲပုံ)