ရေတပ်က ပင်လယ်ပြင်ရှိ လှေများတွင် စက်ဆီတောင်းယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
စစ်ကောင်စီ ရေတပ်မှ ကော့သောင်းမြို့နယ် အနောက်ဘက် ပင်လယ်ပြင်ထဲရှိ ကင်းမွန် မီးထွန်းလှေများတွင် စက်သုံးဆီများ လိုက်လံတောင်းယူနေသည်ဟု လှေပိုင်ရှင်များက ပြောသည်။
အောင်ဘာကျေးရွာနှင့် မကြုံဂလက်ကျေးရွာများတွင် သွားလာနေသည့် ကင်းမွန် မီးထွန်းလှေတစ်စီးကို ဒီဇယ်
ဆီ ၉ ဂါလံပုံး တစ်ပုံးနှုန်းဖြင့် လိုက်လံတောင်းနေခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် ကင်းမွန်လှေ လုပ်ကိုင်နေသူ တစ်ဦးက “ကျွန်းငယ်လေးတွေ ရှိတဲ့နေရာမှာ လှေတွေက ညဘက်ကင်းမွန်ဖမ်းပြီးတော့ နေ့ဘက်ဆို အနားယူရပ်နားနေကြတာပါ၊ ရေတပ်ယူနီဖေါင်းတွေနဲ့ ရပ်ထားတဲ့ လှေတွေကို ပတ်ပြီး တစ်စီးပြီးတစ်စီးလိုက်တောင်းတာ” ဟု ဒီဇင်ဘာလ ၉ ရက်နေ့က ပြောသည်။
ဘာလိအော်ကျေးရွာအနီး ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောမှ သစ်သားလှေငယ်များဖြင့် ထွက်လာပြီး တောင်းခံနေခြင်းမှာ ယခုနှစ် ပွင့်လင်းရာသီအတွင်း လေးကြိမ်ထက် မနည်းရှိနေပြီ ဖြစ်ကြောင်း ကင်းမွန် လှေလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း စစ်ကောင်စီရေတပ်မှ စက်လှေငယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဒီဇယ်ဆီ လာ ရောက်တောင်းခံသွားကြောင်း လှေပိုင်ရှင်တစ်ဦးက ပြောသည်။
ယခင်နှစ်များ ကတည်းက ကင်းမွန် မီးထွန်းလှေများနှင့် ငါးဖမ်းလှေများထံမှ စက်သုံးဆီနှင့် ငွေကြေး ကောက်ခံ တောင်းယူခြင်းများ ရှိသော်လည်း ယခုနှစ်တွင် ကင်းမွန် အရ နည်းပြီး အရှုံးပေါ်နေကြခြင်းများကြောင့် တောင်း သည့် အတိုင်းပေးရန် အခက်အခဲများ ဖြစ်နေကြရသည်ဟု ဆိုသည်။
ယခင်နှစ်များတွင် ပွင့်လင်းရာသီ၌ ကင်းမွန်လှေတစ်စီးမှာ တစ်ရက်လျှင် ကင်းမွန် ၁၀ ဗန်း ကျော်ရသည် အထိ ရှိနေရာမှ ယခုနှစ်တွင် အရနည်းပြီး နှစ်ရက်ကို တစ်ဗန်း၊ သုံးရက်ကို နှစ်ဗန်းခန့်သာရတော့သည်ဟု ကင်းမွန်လှေ လုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။
လက်ရှိတွင် ကော့သောင်းမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်အတွင်း ကင်းမွန် မီးထွန်းလှေများနှင့် ငါးဖမ်းလှေများ အစီးရေ ရာနှင့်ချီ၍ ရှိနေသည်။