သိန်ခွန်း နယ်စပ်ကုန်သွယ်ရေးလမ်းတွင် ရွာသား ၂၀ ကျော်ကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်။

တနင်္သာရီမြို့နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ သိန်ခွန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာသား အယောက် ၂၀ ကျော်ကို ဖမ်းဆီးထားပြီးနောက် ကျန်သည့် ရွာသားများကိုလည်း ရွာထဲမှ ထွက်ခွင့် မပေးဘူးဟု ရွာသားများက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သိန်ခွန်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်မှ အမျိုးသမီး၊ အမျိုးသား ၂၀ ကျော်ခန့်ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ်ရွာသားတစ်ဦးက အဖမ်းခံရတဲ့အထဲမှာ အမျိုးသမီးတွေက ပိုပြီးများတယ်၊ သတင်းပေး လို့ သံသယရှိတဲ့သူတွေကို ဖမ်းထားတာဟု ပြောသည်။

တနင်္သာရီ – မောတောင် ကားလမ်း တလျောက်ရှိ ကျေးရွာများ ဖြစ်ကြသည့် ရေဖြူ၊ ထုံခါနှင့် သိန်ခွန်းကျေးရွာ များတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား နှစ်ဘက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းက အင်အား ၃၀၀ ခန့်ဖြင့် ကားလမ်းအတိုင်း မောတောင်မြို့ဘက်ကို ဦးတည်ကာ စစ်

ကြောင်းထိုးနေခြင်း ဖြစ်သည်။ 

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သိန်ခွန်းကျေးရွာသို့ စတင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ရောက်ရှိလာသည့် နေ့မှာပင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည် ဟု ရွာသားတစ်ဦးက ဆိုသည်။

နှစ်ဖက် တိုက်ပွဲများကြောင့် သိန်ခွန်းကျေးရွာမှ ရွာသားအများစု ကြိုတင် စစ်ရှောင်ကြသော်လည်း ကျေးရွာတွင် ကျန်ခဲ့သူ အမျိုးသမီးများနှင့် အချို့ အမျိုးသားများ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရွာသားများကို ဖမ်းဆီးခြင်းများအပြင် နေအိမ်များကို ဖျက်ဆီးခြင်းနှင့် ပစ္စည်းများကို ယူသွားခြင်းများလည်း ရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် သိန်ခွန်းကျေးရွာထဲတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသလို ကျေးရွာအပြင် ပတ်လည်တွင်လည်း တပ်ဖြန့်ထားသည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီ – မောတောင် ကားလမ်းတလျှောက်ရှိ လယ်တောင်ယာ၊ တမုတ်ချုံး၊ ရှမ်းအင်းတော်၊ ရေဖြူ၊ ထုံခါ၊ ကော့ယွန်း၊ ချောင်းနှစ်ပေါက်၊ သိန်ခွန်း၊ သဲဖြူနှင့် အမှတ် (၉) ကျေးရွာများမှ ရွာသားများ တိုက်ပွဲ အခြေအနေ များကြောင့် အရေးပေါ် စစ်ရှောင်နေကြရဟု ဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင်လည်း ရေဖြူနှင့် ထုံခါကျေးရွာတို့ အနီးတွင် တိုက်ပွဲများ ဖြစ်ခဲ့သေးကြောင်း ရွာသားများက ပြောသည်။

တိုက်ပွဲ စဖြစ်ခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီဘက်က တိုက်လေယာဥ်ဖြင့် ချောင်းနှစ် ပေါက်ကျေးရွာ အနီးတဝိုက်ကို ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

နှစ်ဖက်တိုက်ပွဲ အခြေအနေများကြောင့် ရေဖြူ – မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကို ဖြတ်သန်းခွင့် ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း မောတောင်မြို့ခံများက ဆိုသည်။