ပြည်သူ့စစ် ဝင်ရောက်ရန် မက်လုံးပေး ခေါ်ယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း – မြန်မာနယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ပေါ်တွင် ပြည်သူ့စစ် အဖွဲ့ ဝင်ရောက်ရန်အတွက် ငွေကြေးပေး၍ ခေါ်ယူနေကြောင်း မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်နှင့် ဆက်စပ်အဖွဲ့အစည်းများက ပြည်သူ့စစ်အဖွဲ့ဝင် အနေဖြင့် ဝင်ရောက်လုပ်ကိုင်လိုသူများကို တစ်နေ့ ထိုင်းဘတ် ၂၀၀ နှုန်းဖြင့် တစ်လလျှင် ဘတ် ၆၀၀၀ ရရှိသွားမည်ဖြစ်သည့် အပြင် ဆန်တစ် အိတ်နှင့် ဆီတစ်ဘူးလည်း ပေးသွားမည် ဖြစ်ကြောင်း ပြောဆို၍ ခေါ်ယူနေခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “အရင်တုန်းကတည်းက ပြည်သူ့စစ်မှာ လစာရှိပြီးသားပါ၊ စစ်တပ်က ပိုက်ဆံပေးရုံမကပဲ ဆန်တွေရော ဆီတွေပါ ထောက်ပံ့ပေးပြီး ထပ်ခေါ်တာမျိုးပါ၊ အသိတစ်ယောက်လည်း ဝင်လုပ်နေတာ မိသားစုက စိတ်ပူပြီး မလုပ်စေချင်ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ လစာ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ခေါ်ယူနေခြင်းကြောင့် အလုပ်အကိုင် ရှားပါးလာသည့် မောတောင်မြို့မှ ကုန်တင်ကုန်ချ အလုပ်သမားအချို့ ပြည်သူ့စစ်အနေဖြင့် ဝင်ရောက်လုပ်ကိုင်မှုများ ရှိလာနေ သည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် ပြည်သူ့စစ်အဖွဲ့ဝင် အသစ်အဖြစ် ဝင်ရောက်ပြီး သင်တန်းတက်နေသူ အယောက် ၃၀ ခန့်ရှိနေ ကြောင်း မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦး က ဆိုသည်။
တနင်္သာရီ – မောတောင် ကားလမ်းပိုင်းဖြစ်သည့် ရေဖြူ၊ ထုံခါ၊ ချောင်းနှစ်ပေါက်နှင့် သိန်ခွန်းကျေးရွာများတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တတိယပတ်ခန့်မှ စတင်၍ စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ကားလမ်းကိုလည်း ပိတ်ထားသည်။
တိုက်ပွဲများကြောင့် ကားလမ်း ပိတ်ချခဲ့ရပြီးနောက် ထိုင်းဘက်သို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်ကားများ သွားလာ၍ မရတော့သည့်အတွက် မောတောင်မြို့ရှိ ကုန်တင်ကုန်ချလုပ်ငန်းများတွင် အဓိက ဝင်ရောက် လုပ်ကိုင်နေကြသည့် လူငယ်၊ လူရွယ်များမှာ အလုပ်အကိုင် ရှားပါးလာကြခြင်း ဖြစ်သည်။
ထိုသို့ အလုပ်အကိုင် ရှားပါလာသည့်အတွက် အချို့မှာ ပြည်သူ့စစ်အဖွဲ့ထဲသို့ ဝင်ရောက်က လုပ်ကိုင်နေကြ ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
လတ်တလောတွင် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ် ဝင်ရောက် လုပ်ကိုင်နေကြသူများမှာ ဆန်နှင့်ဆီကို ရရှိကြသော်
လည်း လစာဘတ် ၆၀၀၀ ကိုမူ မရရှိကြသေးဘူးဟု ပြည်သူ့စစ်သင်တန်းတက်နေသူများနှင့် နီးစပ်သူ အချို့က ပြောသည်။
လက်ရှိတွင် ပြည်သူ့စစ်အဖွဲ့ဝင် အသစ် အနေဖြင့် ဝင်ရောက် လုပ်ကိုင်နေကြသူများကို အခြေခံ စစ်သင်တန်း ပေးနေပြီး မောတောင်မြို့အဝင် ဘုရားတောင်ရှိ စစ်ကောင်စီက တပ်စွဲထားသည့် နေရာများတွင် ကင်းစောင့်၊ ဂိတ်စောင့်နှင့် ကတုတ်ကျင်းတူးသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ပေးနေရကြောင်း မြို့ခံများက ဆိုသည်။
ကုန်တင်ကုန်ချ အလုပ်သမားများအား ကုန်တင်ကုန်ချ အလုပ်ကို ဆက်လက် လုပ်ကိုင်လိုပါက အလှည့်ကျ ပြည်သူ့စစ်သင်တန်းကို မဖြစ်မနေ တက်ရောက်ရမည်ဟု ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်ကလည်း မောတောင်မြို့ ပြည်သူ့စစ်အဖွဲ့က ဖိအားပေးခဲ့ခြင်းမျိုး ရှိခဲ့သေးသည်။
မောတောင်မြို့သည် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင်၊ ပရာကျွတ်မြို့နယ်၊ ဒန်းဆင်းခွန်ကျေးရွာရှိ ဆင်းခွန်နယ်စပ် ဂိတ်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ဂိတ်ရှိရာ မြို့လည်း ဖြစ်သည်။
ဓါတ်ပုံ – မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)