ဖားကန့် နွံကန်ပြိုကျမှု အနည်းဆုံး ၂၁ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတွင်းဟောင်း နွံကန်ပေါက်ကျမှုအတွင် သေဆုံးသွားသူများ အနက် ရုပ်အလောင်း ၂၁ လောင်း တွေ့ရှိပြီဟု ကူညီကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။

ဖားကန့်မြို့နယ်၊ ဆိမ့်မူ (ဆိုင်းတောင်) ကျေးရွာအုပ်စုထဲက စပေါ့ကျေးရွာတွင် ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက် အစောပိုင်း ၁ နာရီအချိန်ခန့်က ကျောက်စိမ်းတွင်းဟောင်း နွံကန် ပေါက်ကျမှု ဖြစ်ပွားခဲ့သည်။

နွံကန်ပေါက်ကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ဖြစ်တာက ညအိပ်ချိန်ကြီးဆိုတော့ ဘယ်နှစ် ယောက် ဆိုတာမျိုး ပြောရခက်တယ်။ အိမ်တွေကအစ မြေကြီးအောက်ကို ရောက်သွားတဲ့ အိမ်တွေလည်း လေးငါးဆယ်ရှိတယ်။ ဒါတောင် ခန့်မှန်းပြောတာနော်။ အဲ့ထက်လည်း များနိုင်တယ်။ အလောင်းတွေကတော့ တချို့တော့ ရပြီ။ မြေကြီးအောက်ဆိုတော့ ရှာဖွေရေး လုပ်ဖို့ အရမ်းခက်တယ်။ ရသလောက်ထဲမှာ တော့ ကလေးက ၄ လောင်းပါတယ်။ ဒီနေ့မနက်ထိဆိုရင် ရထားတာ ၂၀ လောင်းရှိပြီဟု ဇန္နဝါရီလ ၁၄ ရက်နေ့တွင် ပြောသည်။ 

ဇန္နဝါရီလ ၁၄ ရက်နေ့အထိ ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်းများထဲတွင် ကလေးငယ် ၄ ဦး၏ အလောင်း များလည်း ပါရှိသည်ဟု မြေပြင်၌ ကူညီကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။

အဆိုပါ နွံကန်ပေါက်ကျမှုအတွင်း ဒေသခံပြည်သူများ၊ ရေမဆေးကျောက် ရှာဖွေသူများ ပေါက်ဆုံးနေပြီး အိမ် အလုံးရေ ၅၀ ထက်မနည်းလည်း မြေအောက်ရောက်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

မြေပြင်တွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူနေတစ်ဦးကလည်း သေဆုံးတာက လောလောဆယ် ခန့်မှန်းတာက တစ်ရာအထက်မှာ ရှိတယ်လို့လည်း ခန့်မှန်းနေကြတယ်။ အစုံပေါ့ ရေမဆေးတွေကော ကျောက် ဝယ် လောပန်းတွေကော‌ ဈေးသူဈေးသားတွေကော များတယ်ပေါ့။ အဲ့ဒီနားက ကျောက်ကျောလည်း ကောင်း တော့ အဲ့နားမှာ အုံကြတာလေ။ ကုမ္ပဏီ လုပ်ကွက်တွေကောပါမှာပေါ့ဟု ပြောသည်။

ထိုနွံကန်မှာ ရတနာအဓိပတိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီက တူးဖော်ခဲ့သည့် နွံကန်အဟောင်းနေရာ ဖြစ် သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ နွံကန်အဟောင်း၌ တွင်းအသစ်က မြေစာများ ပြန်ဖို့ရင်း မြေအလေး ချိန် မထိန်းနိုင်ဘဲ ယခုကဲ့သို့ ပေါက်ကျမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ဆိုကြသည်။

နွံကန်ပေါက်ကျမှု ဖြစ်ပွားခဲ့သည့် နေရာတွင် ကျောက်စိမ်းတူးဖော်မှုကို အလွန်အကျွံ ဆက်လက် တူးဖော်နေကြပြီး အနီးပတ်ဝန်းကျင်ရှိ လုပ်ကွက်များက မြေစာများ ဆက်တိုက်ဖို့နေကြသည်ဟု ဆိုသည်။

စပေါ့ကျေးရွာ ဒေသခံတစ်ဦးက အဓိက ကတော့ စက်ယန္တရားကြီးတွေနဲ့ အလွန်အကျွံ တူးဖော်ကြလို့ ဖြစ်တာ ပါပဲ၊ နွံကန်ဘေးမှာ ပတ်ပတ်လည်က ကျောက်ိစမ်းကျောက မြေတွေ နွံကန်ထဲကို ဖို့လိုက်ကြတာပေါ့။ မြေစာ လည်း အဲ့ထဲပစ်ချတယ် အစက ရေကန်ပေါ့ကွာ နောက်ပိုင်း နွံကန်ဖြစ်သွားတယ် ဟု ပြောသည်။

ယခုပေါက်ကျမှု ဖြစ်ပွားခဲ့သည့် စပေါ့ကျေးရွာရှိ နွံကန်မှာ ခန့်မှန်းခြေအားဖြင့် အကျာ် နှစ်ဧကခန့်ရှိပြီး အနက်ပေ ပေတစ်ထောင် ခန့်ရှိသည်။ ထို့အပြင် နွံကန်ပေါက်ကျမှု ဖြစ်ပွားခဲ့သည့်နေရာမှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်ထားသည့် နေရာဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင်လည်း ဖားကန့်မြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စုထဲက မနကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်း နွံကန်ပြိုကျမှုထဲတွင်လည်း ဒေသခံနှင့် ရေမဆေးသမား ၁၂ ဦးထက် မနည်း သေဆုံးခဲ့သေးသည်။