စရဖရုံး တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ပုလောမြို့ခံ အမျိုးသားများကို အဓမ္မ စစ်သားစုဆောင်းနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။

မြိတ်ခရိုင်၊ ပုလောမြို့ပေါ်ရှိ အမှတ် – ၂ ရပ်ကွက်က စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ – စရဖရုံး တိုက်ခိုက် ခံရပြီးနောက် ဖမ်းဆီးခံရသူများအထဲမှ အမျိုးသမီးများ ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားများမှာ အဓမ္မ စစ်သားစုဆောင်းခြင်း ခံလိုက်ရသည်ဟု မြို့ခံများက ပြောသည်။

ပုလောမြို့မှ CDM ကျောင်းဆရာမ နှစ်ဦးနှင့် မြို့ပေါ်ဈေးတွင် ကြက်သားရောင်းချနေသူ အမျိုးသမီးတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဇန္နဝါရီလ ၇ ရက်နေ့၊ နံနက်ပိုင်းက ဖမ်းဆီးသွားသည်။

ထို့အပြင် အမှတ် – ၂ ရပ်ကွက်မှ အမျိုးသား ၁၀ ဦးနှင့် ပုလော မြို့မဈေးထဲတွင် အရက်မူးပြီး အိပ်ပျော်နေသည့် အမျိုးသားလေးဦးကိုလည်း တစ်ရက်တည်းမှာပင် ဖမ်းဆီးခဲ့ကြသည်။ 

ဖမ်းဆီးခံရသူများထဲက CDM ကျောင်းဆရာမ ဒေါ်သန်းသန်းစိုးနှင့် ဒေါ်နန္ဒာမျိုး၊ စျေးတွင် ကြက်သားရောင်းချပြီး ပုလောမြို့ပေါ်တွင် ရွှေ့ပြောင်းနေထိုင်သည့် လှည်းကျောင်းဝကျေးရွာသူ ဒေါ်အိ တို့ကိုမူ အဖမ်းခံရပြီး သုံးရက် အကြာ ဇန္နဝါရီလ ၉ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု အမှတ် – ၂ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

အမျိုးသမီးများနှင့် အတူ ဖမ်းဆီးခြင်းခံရသည့် အမှတ် – ၂ ရပ်ကွက်မှ အမျိုးသား ၁၀ ဦးနှင့် အရက်မူးပြီး အိပ် ပျော်နေသည့် လေးဦးကို ပြန်လွှတ်ပေးခြင်းမရှိဘဲ ရေလမ်းမှတဆင့် မြိတ်သို့ စစ်သားစုဆောင်းရန် ပို့ဆောင် လိုက်ကြသည်။

အသက် ၄၅ နှစ်အရွယ် မြို့ခံအမျိုးသားတစ်ဦးက မိန်းမတွေကို ပြန်လွှတ်ပေးပြီး ယောက်ကျားတွေကိုတော့ စစ်မှုထမ်းဖို့ မြိတ်ကို ပို့လိုက်တာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်သားစုဆောင်းဖို့ အကွက်ချပြီး တမင် ဖမ်းလိုက် တာ ပါဟု ပြောသည်။

ဇန္နဝါရီလ ၆ ရက်နေ့ ညက စရဖရုံး တိုက်ခိုက်ခံရပြီး နောက်တစ်နေ့တွင် ရုံးအနီးရှိ လမ်းသွယ်များကို ဝင်ထွက် သွားလာခွင့် ပိတ်ထားပြီး စစ်တပ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ဆိုသည်။

စရဖရုံးကို မီးရှို့ဖျက်ဆီးခံရသည့်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်က ကားသုံးစီးဖြင့် မြို့ပေါ်တွင် နေ့ရောညပါ ကင်းလှည့် စစ်ဆေးနေကြခြင်း ဖြစ်သည်။

အလားတူ ဇန္နဝါရီလ ၄ ရက်နေ့၊ ညကလည်း ပုလောမြို့ပေါ်တွင် စစ်ဘေးလာရှောင်နေကြသည့် ပုလောကုန်း ကျေးရွာသား အမျိုးသား ၅ ဦး၊ ပုလောမြို့ အမှတ် (၃) ရပ်ကွက်က ၄ ဦး၊ အမှတ် (၄) ရပ်ကွက်မှ ၃ ဦး စုစုပေါင်း ၁၂ ဦးတို့ကို စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သား စုဆောင်းခဲ့သေးကြောင်း မြို့ခံများက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများကို ဇန္နဝါရီလ ၅ ရက်နေ့၊ နေ့လည် ၁၂ နာရီ အချိန်ခန့်က ပုလောမြို့မှ မြိတ်မြို့သို့ ရေလမ်းခရီး မှ ပို့ဆောင်လိုက်ကြသည်ဟု ဆိုသည်။