လက်နက်ကြီးကြောင့် မျက်မမြင် အဖွားတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး အဖွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

နတ်တွင်းကျေးရွာ အထဲပိုင်းရှိ မျက်မမြင်အဖွား ဒေါ်သန်းရီ၏ နေအိမ်ပေါ်သို့ ဇန်နဝါရီလ ၁၅ရက်နေ့ နံနက်ပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အဖွား၏ နောက်ကျောတွင် ကျည်စထိမှန် ဒဏ်ရာရခဲ့ခြင်း ဖြစ် သည်။

အသက် ၅၀ ခန့်အရွယ်နတ်တွင်း ရွာသားတစ်ဦးက အဖွားတစ်ယောက်ထဲ ရှိနေတဲ့အချိန် အိမ်ခေါင်မိုး တည့် တည့်အပေါ်ကို လက်နက်ကြီးကျည် လာကျတာ၊ ကံကောင်းတယ်လို့ ဆိုရမယ် ဒဏ်ရာလောက်ပဲရလို့၊ အိမ် အနားမှာ ကပ်နေတဲ့ ကောက်ရိုးပုံလည်း မီးတော့ လောင်သွားတယ် ဟု ပြောသည်။

နတ်တွင်းကျေးရွာ အထဲပိုင်းနှင့် အပြင်ပိုင်းကို လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ရွာအပြင်ပိုင်းပေါက်ကွဲမှုတွင် ထိခိုက်ပျက်စီးခြင်းမရှိခဲ့ဘူးဟု ရွာသားတစ်ဦးက ဆိုသည်။

လက်နက်ကြီး ပစ်ခတ်မှုကို ကျောက်ကညာကျေးရွာ အခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ – ၃၀၄ တပ်ရင်းမှ တိုက်ပွဲမရှိဘဲ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

အလားတူ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း၌လည်း စစ်ကောင်စီတပ်၏ ရှို့မီးများကြောင့် ယနေ့အထိတိုင်အောင် မီးလောင်နေဆဲဖြစ်ကြောင်း ရွာသားများက ပြောသည်။

ဇန္နဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်အတွင်းရှိ တပိုကျေးရွာနှင့် စက်တော်ရာကျေးရွာအကြားမှ နေအိမ်နှင့် ရော်ဘာခြံများကို စစ်ကောင်စီမှ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဇန္နဝါရီလ ၁၇ ရက်နေ့အထိ စက်တော်ကျေးရွာ၏ အနောက်ဘက်တောင်တန်းများအထိ မီးလောင်နေဆဲ ဖြစ်သည်။