တစ်လေးလုံး စစ်ဆင်ရေးဆိုသည်မှာ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

ပီတာ၊ စောအယ်ကညော

၁၁.၁၁.၂၀၂၃ ရက်နေ့ကစလို့ တစ်လေးလုံးစစ်ဆင်ရေး ဆိုတဲ့နာမည်နဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု တွေရဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဟာ ခြောက်လကျော်အကြာမှာ ရည်မှန်းချက်မရောက်ဘဲ တပ်ပြန်ဆုတ် ခဲ့ရပါတယ်။ ဘယ်လိုအချက်တွေကြောင့် စစ်ဆင်ရေးကျရှုံးခဲ့တယ်ဆိုတာကို ဒီဆောင်းပါးမှာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ဟာ ကရင်နီပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး ၂၄၇၆.၈ဧကကျယ်ဝန်းကာ လူဦးရေ ရှစ်သောင်းကျော် က ရပ်ကွက် ၃၀ ကျော်မှာမှီတင်း နေထိုင်ကြတဲ့  အုပ်ချုပ်ရေး၊ စီးပွားရေးအချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။  

စစ်ဆင်ရေးမစခင်အထိ တပြည်နယ်လုံး လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တိုက်ရိုက်တာဝန်ယူ ကွပ်ကဲရတဲ့ အင်အား ၅၀၀ ခန့်ရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ဟာ မြို့လယ်မှာတပ်စွဲထားပါတယ်။ ဒီ ဒကစကို ရှမ်းပြည်နယ်တောင်ကြီးမှာအခြေစိုက်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကကွပ်ကဲပါတယ်။ မြို့ရဲ့တဝိုက်မှာ တော့  ခြေလျင်တပ်ရင်း ခလရ (၂၆၁) ၊ ခလရ (၂၅၀) ၊ခလရ (၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊ တပ်မ တော်ဆေးရုံ (တဆရ – အမှတ် ၇)၊ ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ်ခွဲ ထပခ (၇၂၂) တို့ရှိပြီး မြို့တွင်း၊ မြို့ပြင်တပ် အင်အား စုစုပေါင်း ၁၅၀၀ ခန့်ရှိပါတယ်။ 

ဒကစ (လွိုင်ကော်) အောက်ကတပ်တချို့ကတော့ ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ မိုးဗြဲ၊ လောပိတ၊ လွိုင်လင် လေး စတဲ့ဒေသတွေမှာ တပ်ရင်း ၁၁ ရင်းအဖြစ် တပ်စွဲထားပါတယ်။  တနည်းအားဖြင့် ကရင်နီပြည်မှာရှိတဲ့ တပ်စခန်း စုစုပေါင်း ၃ ပုံ ၂ ပုံလောက်ကို တိုက်ရိုက်အမိန့်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

တစ်လေးလုံး စစ်ဆင်ရေး

တစ်လေးလုံး စစ်ဆင်ရေး မစခင်တရက်မှာ စစ်ကောင်စီတပ်ဟာအပေ့ါစား တင့်ကားငါးစီးကို မြို့ထဲလှည့်ပတ် အင်အားပြပါတယ်။ ဒကစ (လွိုင်ကော်မှာ) တင့်ကားငါးစီးရှိခဲ့ပါတယ်။ 

လွိုင်ကော်မြို့သာတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ရင် ကရင်နီတစ်ပြည်နယ်လုံးတော်လှန်ရေးတပ်တွေ ထိန်းချုပ်ဖို့ လွယ်ကူသွားနိုင်သလို ပြန်ပြီးလက်လွတ်လိုက်ရရင်တော့ စစ်ကောင်စီဘက်က ပြန်ပြီး တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ အခြားသောမြို့နယ်မှာရှိတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ် နံနက် ၅ နာရီမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မ တော် (KA)၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် LPDF တို့ ပါဝင်ပြီး အင်အား ၄၀၀ ခန့်ဟာ လွိုင်ကော်အနောက်ဘက်ခြမ်းကနေ လျှပ်တပြက်ဝင်ရောက်ခဲ့ပါတယ်။ 

စစ်ဆင်ရေးရည်မှန်းချက်မှာတော့ ဒကစ (လွိုင်ကော်)ကို အဓိကထားပြီး ပြည်နယ်ရဲစခန်း၊ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ လွိုင်ကော် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်၊ အကျဉ်းထောင်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာနဲ့ လွှတ်တော် ကိုယ်စားလှယ်အိမ်ရာတို့ဟာ စစ်ရဲ့လမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်တွေဝင်လာနိုင်တဲ့ လမ်းကြောင်းကို ခန့်မှန်းပြီး ကြိုတင်စောင့်ဆိုင်း တာပါတယ်။ မြို့အစပ်က ဘာဒိုကျေးရွာမှာ စစ်ကောင်စီတပ်က ကြိုတင်စောင့်ဆိုင်းနေခဲ့ပေမဲ့ တိုက်ပွဲရှုံးနိမ့် လာတဲ့အခါ နောက်ဆုတ်ပြေးရင်း တက္ကသိုလ်ဝင်းထဲ ဝင်ပြေးပါတယ်။ 

မြို့နဲ့နာရီဝက်ခန့် အဝေးမှာရှိတဲ့  အင်အား ၅၀ ခန့်တပ်စွဲထားခဲ့တဲ့ စစ်ကောင်စီရဲ့ ဘုရားဖြူဂိတ်ကို နာရီအနည်း ငယ်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်။ လွိုင်ကော်မြို့လယ်ပိုင်းမှာရှိတဲ့ နာနတ်တော၊ နောင်ယားစတဲ့ တော်လှန်ရေး တပ်တွေရဲ့စစ်ကြောင်းတွေရှေ့ပိုင်းဟာရောက်လာခဲ့ပါတယ်။   စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ်နှစ်စီး၊ ရဟတ်ယာဉ်နဲ့ လက်နက်ကြီးတွေပါ အသုံးပြုပြီး ခုခံခဲ့ပေမယ့် ပထမဆုံးနေ့မှာ တပ်စခန်းနှစ်ခုကို အဲဒီနေ့က သိမ်းနိုင်ခဲ့ပြီး K-8 အမျိုးအစား တိုက်လေယာဉ်တစီးကိုလည်း ပစ်ချနိုင်ခဲ့ပါတယ်။ 

စစ်ဆင်ရေးထဲ လွိုင်ကော်က္ကသိုလ် ပြည်နယ်ရဲစခန်း နဲ့အကျဉ်းထောင်တို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အကျဉ်းထောင်ကလွဲလို့ ကျန်တဲ့နေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးရဲ့ ပထမ လေးရက်တာကာလဟာ တော်လှန်ရေးတပ်တွေအတွက် အောင်ပွဲအရဆုံးအချိန်လို့ ပြောလို့ ရပါတယ်။ စစ်ကောင်စီတပ်ဟာ လေးရက်တာကာလအတွင်း စစ်သည် ၁၁၀ ဦးသေဆုံးပြီး အရှင်ဖမ်းမိတာ ၃၂ ဦးရှိပါတယ်။ အရှင်ဖမ်းမိသူတွေထဲမှာ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကိုပါ ပါတယ်။

ထိုးစစ်ဆင်တိုက်ခိုက်မှု တစ်လကျော်မှာတော့ လွိုင်ကော်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီလို့ ကရင်နီတပ်ပေါင်းစုတွေက ထုတ်ပြန်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲကြီးကြီးမားမားမရှိတော့ပဲ နှစ်ဘက် ထိုးစစ်ဆင်တာထက် နယ်မြေထိန်းချုပ်မှု တွေပြုလုပ်ခဲ့ပါတယ်။

၂၀၂၄ ဇွန်လကုန်ပိုင်းမှာတော့ လွိုင်ကော်အနောက်ဘက်ခြမ်းက တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ တွေဘက်ကို စစ်ကောင်စီဘက်ကနေပြန်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီတော်လှန်ရေးပူး ပေါင်းတပ် တွေဘက်က ပြန်ပြီး ဆုတ်ခွာခဲ့ပါတယ်။  

ကရင်နီက တော်လှန်ရေးတပ်ဖွဲ့များ

 ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့အသစ်တွေလဲပေါ်ပေါက်လာခဲ့ သလို ရှိရင်းစွဲတော်လှန်ရေးတပ်တွေကလည်း အင်အားပိုကောင်းလာခဲ့ပါတယ်။ တစ်လေးလုံးစစ်ဆင်ရေးမှာတော့ တော်လှန်ရေးတပ်တွေဘက်က “ကရင်နီတော်လှန်ရေးတပ်ပေါင်းစု” အနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့ အဲဒီ အထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အင်အား အတောင့်တင်းဆုံး အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်ထုတ်ပြန်ချက်အရ တပ်သားဦးရေ ၁၁၀၀၀ ဦးရှိပြီး တပ်ရင်းပေါင်း ၂၈ ရင်းနဲ့ ဖွဲ့စည်းထားပါတယ်။ 

ဒုတိယအင်အား အများဆုံးကတော့ သက်တမ်းရင့်  လက်နက်ကိုင်တပ်ဖွဲ့ ကရင်နီပြည်တပ်မတော် Karinni Army(KA) ဖြစ်ပြီး အင်အား ၈၀၀၀ လောက်ရှိပါတယ်။

ကျန်အားကောင်းတဲ့အဖွဲ့တွေမှာ KNPLF ခေါ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလ လတ) လည်းပါဝင်ပါတယ်။ ကလလတဟာ နေပြည်တော်နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ယူ ခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တဲ့ တပ်ဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ်အစပိုင်းမှာ စစ်ကောင်စီတပ်ကို ပြန်တိုက် ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ဒါ့အပြင် ကရင်နီဒေသခံမဟုတ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ံခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ သီးခြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (LPDF) တွေလည်း ပါဝင်ပါတယ်။

တော်လှန်ရေးအင်အားစုအားလုံးပေါင်းရင် လက်ရှိ အင်အားဟာ ၂၅၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ 

လွိုင်ကော်အကျဉ်းထောင်ကို ဘာလို့ မသိမ်းပိုက်နိုင်ခဲ့တာလဲ

လွိုင်ကော်ထောင်ဟာ ကရင်နီ(ကယား)ပြည်မှာ တစ်ခုတည်းသော အကျဉ်းထောင်ဖြစ်ပြီး အကျယ်အဝန်း အားဖြင့် ၅ ဧကလောက် ရှိပါတယ်။ အဲဒီထောင်ဟာ ဒေါဥခူရပ်ကွက်မှာတည်ရှိပါတယ်။

အကျဉ်းထောင် အပြင်ဘက် ပတ်ပတ်လည်မှာရှိတဲ့ ဝန်ထမ်းအိမ်ယာတွေနဲ့ ဘန်ကာတွေဟာ အကျဉ်းထောင် လုံခြုံရေး ပထမစည်းဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ရာဂဏန်းတပ်စွဲ ခုခံထားပါတယ်။

ဒုတိယစည်းကတော့ ပေ ၃၀ လောက်မြင့်ပြီး အောက်ခြေအထူ ၅ပေလောက်ထူ အကျဉ်းထောင်နံရံ အုတ်တံ တိုင်းကိုအကာကွယ်ယူထားတဲ့ အတွင်းစည်းဖြစ်ပါတယ်။ 

တစ်လေးလုံး စစ်ဆင်ရေးထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ကယ်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကျဉ်း ထောင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဟာ အကျဉ်းထောင်လုံခြုံရေး ပထမစည်းကျော်လာပြီး ဒုတိယစည်းကို ဖြိုချဖို့ လုပ်ခဲ့ပါတယ်။ အစကတော့ အကျဉ်းထောင်တံခါးကနေ ဖောက်ဝင်ဖို့ကြိုးစားခဲ့ပေမယ့် အကျဉ်းထောင်ထဲကနေ သေနတ်ပြောင်းထုတ်ပြီး တရစပ်ပစ်ခတ်နေလို့ ထောင်တံခါးနားကပ်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်အကျဉ်း ထောင်နံရံကိုဖြိုချဖို့ နည်းလမ်းသာရှိတော့ပေမယ့် ထင်သလောက်လည်း မလွယ်ကူခဲ့ပါဘူး။ 

ဖောက်လို့မရဘူးဆိုလည်းမဟုတ်ပြန်ဘူး ဖောက်လို့တော့ရတယ်အဲဒီကိစ္စကိုဆောင်ရွက်တဲ့အခါမှာ တော်တော်ကြီးပြင်းပြင်းထန်ထန်တိုက်ခိုက်ရမယ့်အခြေအနေ ရှိတဲ့အတွက် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ အရမ်းများသွားနိုင်တယ်ပေါ့နော၊ နှစ်ဘက်လုံးရော အကျဉ်းသားတွေရော လူအစုလိုက်အပြုံလိုက် သေဆုံးသွားတဲ့ပုံစံဖြစ်သွားနိုင်တယ် လို့အကျဉ်းထောင်နဲ့ နီးစပ်တဲ့ သူတစ်ယောက်က ပြောပါတယ်။

မျော်လင့်ချက်ကတော့ဂိတ်ဆုံးပဲပေါ့နော တော်လှန်ရေးဘက်ကနိုင်ရင် ကျွန်တော်တို့လွတ် သွားနိုင် တယ်  အသက်သေဆုံးသွားသည့်တိုင်အောင် ကျွန်တော်တို့အဲဒီအတွက်ဝမ်းနည်းပြီးအပြစ်တင်နေမှာမဟုတ်ဘူး အကျဉ်းထောင်နား တိုက်ပွဲဖြစ်နေချိန်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထားဖိုးက သူကြုံခဲ့တဲ့ အတွေ့ကြုံကို ပြန်ပြောပြပါတယ်။

အကျဉ်းထောင်သိမ်းတိုက်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ KNDF ရဲ့ စစ်ကြောင်းမှုးတစ်ယောက်ကတော့ လုံခြုံရေး ဒုတိယစည်းကို ဖြိုချဖို့ ကြိုးစားခဲကြပြီး အရမ်းလည်းနီးစပ်ခဲ့တယ်လို့ ပြောပါတယ်။

ထောင်ထဲမှာရောက်နေတဲ့နိုင်ငံရေးအကျဉ်းသားတွေက ပျော်ကြမှာပေါ့ သူတို့အော်တဲ့အသံကိုကြားရတယ် အဲလိုမျိုးအခြေနေတွေဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့အားအရမ်းရှိတယ်။

အဲဒီချိန်မှာပဲ တစ်ဖက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေက တရစပ်ပစ်ခတ်ခဲ့တဲ့အတွက်  ရှေ့ဆက်တိုး ဖို့ ခက်ခဲခဲ့ပါတယ်။

တိုက်ရည်ခိုက်ရည်နဲ့အတွေ့ ကြုံတွေဘယ်လောက်ရှိပါစေ အဓိကကတော့ လက်နက်ခဲယမ်း လုံလောက်ဖို့ အရေးကြီးတယ်လို့ သူကဆက်ပြောပါတယ်။

လေယဉ်လာတိုင်းနောက်ပြန်ဆုတ်တာမဟုတ်ဘူး သူတို့ဗုံးကြဲတိုင်းလဲ ကျွန်တော်တို့ကို ထိချင်မှထိ တာပါ။အဲဒါတွေကတော့ရဲဘော်တွေအတွက်ကတော့ ပြဿနာမဟုတ်ဘူးပေါ့ နောက်ပိုင်း ဘယ်လိုဖြစ် လာလဲဆိုတော့ အခက်ခဲကကျည်ဆံပါပဲ ကျည်ဆံမလောက်တဲ့အခက်ခဲ အဲတစ်ခု ပြီးရင် ၇၉ ဗုံးသီးတွေ RPGတွေမလောက်ဘူးလို့ သူက ပြောပါတယ်။

ကရင်နီတပ်ပေါင်းစုတွေ အကျဉ်းထောင်ကို မသိမ်းနိုင်ခဲ့တာဟာ ခဲယမ်းမီးကျောက် မလုံလောက်မှုက အကြောင်း ရင်းတခုဖြစ်ပါတယ်။ လေးကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ 

ခဲယမ်းလိုအပ်ချက်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကိုတော့ ရက္ခိုင့်တပ်တော်(AA)၊ တအောင်း အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ညီနောင် မဟာမိတ်သုံးဖွဲ့က လက်နက်ခဲယမ်းများနှင့် စစ်ရေးအကူအညီများ ပေးထားတယ်လို့ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့ KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့် မိန့်ခွန်းမှာ ဥက္ကဌ ခွန်းဘီထူးက ထည့်သွင်း ပြောကြားထားတာကို တွေ့ရပါတယ်။

တဘက်မှာလည်း ကရင်နီဒေသကိုရောက်မယ့် လက်နက်ခဲယမ်းတွေ လမ်းမှာမိသွားတာက အခက်တခုဖြစ်ပါ တယ်။ တစ်လေးလုံးစစ်ဆင်ရေး နှစ်လကျော်လာပြီး ဇန်နဝါရီ ၂၀ ရက်ရက်နေ့မှာတော့ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ မှာ  PNLO ယူနီဖောင်းဝတ်ဆင်ထားသူတွေဆီက လက်နက်ခဲယမ်းအများ အပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားတာရှိပါတယ်။ 

Canter ယာဉ် နှစ်စီးပေါ်မှာ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းတွေ မီးလောင်ပျက်စီးသွားတာဟာ ကရင်နီပြည် လွိုင်ကော် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ တော်လှန် ရေးတပ်ဖွဲ့တွေဆီ ပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေလို့ စစ်ကောင်စီဘက်က ကစွပ်စွဲပြောဆိုထားတာရှိပေမယ့် ကရင်နီတပ်ပေါင်းစုတွေဘက်ကတော့ ဒါနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောထားတာမျိုးမတွေ့ရပါဘူး။

ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့သာမက မြောက်ပိုင်းသုံးဖွဲ့နဲ့လည်း မဟာမိတ်ဆက်ဆံရေး ထူထောင်ထားပါတယ်၊ အလားတူ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (PNLO)၊ ပအိုဝ်းဖက်ဒရယ်ကောင်စီ၊ ရှမ်းတောင် PDF တွေနဲ့လည်း မဟာမိတ် ဆက်ဆံ ရေးရှိပြီး ဆီဆိုင်တိုက်ပွဲတွေမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့ တိုက်ပွဲဟာ ၈ လ ကျော်ကြာတဲ့အထိ ကရင်နီတပ်ပေါင်းစုတွေက လွိုင်ကော်မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်မှု 

စစ်ကောင်စီနဲ့ ပအိုဝ့်ပြည်သူ့စစ် PNO/PNA တို့ပူးပေါင်းပြီး မေလ ဒုတိယအပတ်ကစလို့   ဆီဆိုင်- မိုးဗြဲ- လွိုင်ကော်လမ်းအတိုင်း လွိုင်ကော်ကို အင်အား နှစ်ထောင်လောက်နဲ့ ပြန်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။ 

 ဒီစစ်ကြောင်းတွေကို ကရင်နီတော်လှန်ရေးတပ်တွေက လမ်းတစ်လျှောက် ဟန့်တားဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က လူအင်အား လက်နက်အင်အားအပြင် ခေတ်မှီဒရုန်းတွေအပါဝင် သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာလို့ ဆုတ်ခွာပေးခဲ့ရတာတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်ကပြောပါတယ်။

ဇွန်လအစောပိုင်းမှာတော့ စစ်ကောင်စီနဲ့ PNO/PNA တပ်တို့ဟာ လွိုင်ကော်မြို့ထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ကရင်နီတပ်ပေါင်းစုတွေ တပ်စွဲထားတဲ့ လွိုင်ကော်အနောက်ဘက်ခြမ်းက ရပ်ကွက်တွေကို စစ်ကောင်စီတပ်ဘက်က ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားပါတယ်။

ဒါနဲ့ပါတ်သက်လို့ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကတော့ကျည်အခက်အခဲကြောင့် ခဏဆုတ်တဲ့သဘောပါ၊ အခုထိလည်း တခြားနေရာတွေမှာ ကျနော်တို့ ရှိနေပါတယ်။ ဒါပေမယ့် လောလော ဆယ်က ကျနော်တို့လည်း အင်အားဖြည့်ဖို့ထက် ကျည်မလောက်လို့ ဆုတ်ပေးလိုက် တဲ့သဘောပါလို့ ဇူလိုင်လ ၆ ရက်နေ့တုန်းက ဧရာဝတီသတင်းဌာနကိုဖြေကြားခဲ့ပါတယ်။

လကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFဥက္ကဌ လည်းဖြစ် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (Interim Executive Council of Karenni State -IEC) ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်ဘီထူးက တော့လွိုင်ကော်မြို့ရဲ့ အနောက်ဖက်ခြမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲတပ်တွေကိုဆုတ်လိုက်ပြီးမှ မြို့ရဲ့ အရှေ့ဖက်ခြမ်းကနေ တစ်ခါဝင်ပြီးတိုက်တယ်ပေါ့နော ဆိုပြီး ဇူလိုင်၂၇ရက်နေ့ BBC နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဆက်ပြီးတော့ ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်တဲ့အထိ ရည်ရွယ်ချက်မရှိခဲ့ ပဲနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္ဒယား ရပ်တန့်သွားအောင်သာ ရည်ရွယ်ပြီး တစ်လေးလုံး စစ်ဆင်ရေးကိုတိုက် ခိုက်ခဲ့တာလို့ သူကပြောပါတယ်။

စစ်ကောင်စီကတော့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး လွိုင်ကော်မြို့ရဲ့ အုပ်ချူပ်ရေး ယန္တရား ပြန်လည် ပတ်ဖို့ ကြိုးစားလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆေးရုံပြန်ဖွင့်တာတွေ၊ စာသင်ကျောင်း တချို့ပြန်ဖွင့်တာတွေ၊ ကားလိုင်းတွေပြန်ပြီး ပြေးဆွဲတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ် လို့ ဒေသခံတွေဆီကနေသိရပါတယ်။

တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားတဲ့ လောဓမ္မရပ်ကွက်ရှိ အထင်ကရ သီရိမင်္ဂလာဈေးကြီးကိုလည်း ပြန်ပြီးတည်ဆောက်နေတယ်လို့ သိရပါတယ်။

ယာယီသမ္မတနေရာကို ရယူထားတဲ့ မင်းအောင်လှိုင်ကတော့ လွိုင်ကော်အခြေနေနဲ့ပတ်သက်လို့ KNPP/KNDF ကိုအပြစ်တင်ပြောဆိုတာတွေလုပ်ခဲ့ပြီး လက်ရှိမှာတော့ လွိုင်ကော်ကို ပြန်ပြီးထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဆီဆိုင်နဲ့လွိုင်ကော်ဒေသတို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကို စတင်ဆောင်ရွက် နေပြီဖြစ်ပါတယ်။ကယားပြည်နယ်တစ် ခုလုံးယခုလိုတည်ငြိမ်အေးချမ်းမှုရအောင် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လို့ ဒီလဩဂုတ်လ ၅ ရက်မှာ ရုပ်မြင်သံကြားမိန့်ခွန်းကနေ ပြောဆိုလိုက်ပါတယ်။ 

လွိုင်ကော်အနောက်ဖက်ခြမ်းက ကရင်နီတပ်ပေါင်းစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ အကျဉ်းထောင်အနီး တစ်ဝိုက်ကို လက်လွတ်လိုက်ရတယ်ဆိုတဲ့ အခြေအနေပါ။

မြို့ရဲ့အရှေ့ဖက်ခြမ်း တောင်ကွဲစေတီရဲ့ အနောက်ဘက် တစ်ကြောမှာရှိတဲ့ ရပ်ကွက်တွေနဲ့ နည်းပညာတက္ကသိုလ် ဖက်ခြမ်းအပြင် လွိုင်ကော် – ဒီးမော့ဆို ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်စပ်တဲ့ လမ်းပိုင်း မှာ နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီလမ်းတွေကို အသုံးပြုသွားလာတာ မလုပ်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဩဂုတ်လ ၇ ရက်နေ့မှာ အသိပေးထုတ် ပြန်ပါ တယ်။

ဇူလိုင်လ ၄ ရက်နေ့မှာတော့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ နမ့်ဘောဝမ်၊ ကြည်သာယာနဲ့ မိုင်းလုံး ရပ်ကွက်တွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက မနက် ၅ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ကရင်နီလူမှု အသင်းဖွဲ့များကွန်ယက် KCSN ရဲ့  နှစ်ပါတ်တစ်ကြိမ် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဆက်ပြီးတော့ စစ်ကောင်စီတပ်တွေဟာ လက်တုန့်ပြန်တဲ့အနေနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာတွေ နေအိမ် တွေ မီးရှို့တာတွေကြောင့် အဲဒီရပ်ကွက်တွေက နေအိမ်အလုံး ၆၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဆက်ပြီးဖော်ပြ ထားပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရပ်တန့်သွားပေမယ့် မြို့ထဲနဲ့ ပြည်နယ်ထဲမှာရှိတဲ့ တပ်စခန်းတစ်ခုမှ မသိမ်းပိုက်နိုင်ခြင်းရဲ့ တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲချမှု၊ လက် နက် ကြီးပစ်ခတ်မှု နေအိမ်မီးရှို့မှုတွေကြောင့် လွိုင်ကော်မြို့နယ်ထဲက ပြည်သူတွေရဲ့ နေအိမ် ၁၅၄၅ လုံး ပျက်စီး ခဲ့ ပြီး လူပေါင်း ၇၅၀၀ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ 

ဒါ့အပြင် ပြည်သူတွေ ထိခိုက်သေဆုံးမှု ၇၀ နဲ့ စစ်ဘေးတိမ်းရှောင်မှု ၉၂၃၁၁ ယောက် ရှိခဲ့ပါတယ်။ ဒီအချက် လက် တွေဟာကရင်နီလူမှုအသင်းဖွဲ့များကွန်ယက် KCSNရဲ့နှစ်ပါတ်တစ်ကြိမ် ထုတ်ပြန်ချက်နဲ့ သီးခြားပြုစု ထားတဲ့ အရင်းမြစ်ထဲက ဖော်ပြတာဖြစ်ပါတယ်။