ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း KNLA ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်။
ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် ကရင် လက်နက်ကိုင်များနှင့် ဆက်စပ်မှုများ ရှိနေနိုင်သည်ဟု ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်အပေါ် အဆိုပါမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ လုံး၀ စပ်ဆိုင် ပတ်သက်မှုမရှိကြောင်း ကရင်အမျိုသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ဗဟိုစစ်ဦးစီးဌာနချုပ်မှ မတ်လ ၂၆ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်-တာ့ခ်လမ်းမကြီးပေါ်တွင် မေလ ၂၁ ရက်နေ့က ကုန်တင်ယာဉ်တစ်စီးပေါ်၌ ဝှက်၍တင်ဆောင်လာသော မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၁၈ သန်း၊ ICE မူးယစ်ဆေး ၇၅၀ ကီလိုဂရမ်နှင့် Ketamine စိတ်ကြွဆေး ၃၀၀ ကီလိုဂရမ်တို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။
ထိုမူးယစ်ဆေးဝါးများသည် ကရင်လက်နက်ကိုင်များနှင့် ဆက်စပ်မှုများရှိနေနိုင်သည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားခဲ့ခြင်းဖြစ်သည်။
KNLA စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက“ထိုင်းနိုင်ငံထဲမှာ ၂၁ ရက်နေ့တုန်းက မိတဲ့မူးယစ်ဆေးဝါးက သတင်းထွက်တဲ့အပေါ်မှာ နယ်စပ်ဒေသက ကရင့်အဖွဲ့အစည်းတစ်ခုခုနဲ့ ဆက်စပ်ပတ်သက်နေပါတယ်ဆိုတဲ့ အဲလိုမျိုးထွက်ပေါ်တဲ့အပေါ်မှာ ကျတော်တို့အဖွဲ့အစည်းပေါ် ယုန်ထင်ကြောင်ထင်ဖြစ်နိုင်တဲ့အပေါ်မှာ ကျတော်တို့နဲ့ လုံးဝသက်ဆိုင်မှုမရှိပါဘူးဆိုတဲ့ဟာကို အများသိအောင် ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်အရ အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်လာသော ကားသည် ကရင်နယ်ခြားစောင့်တပ်ထိန်းချုပ်ထားသော ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှတဆင့် မဲဆောက် မြို့နယ် မဲကုလုံရွာဂိတ် (ဂိတ်အမှတ် ၄၈) ကို ဖြတ်၍ မတ်လ ၂၁ ရက်နေ့တွင် တရားမဝင် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ထိုကိစ္စနှင့်ပါတ်သက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှလည်း ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း (DKBA) ဗိုလ်ချုပ် စောဆန်းအောင်က KIC သတင်းဌာနအား မတ်လ ၂၃ ရက်နေ့က ပြောကြားထားသည်။
ကရင်အမျိုသားအစည်းအရုံး(KNU)အနေဖြင့် စတင်တည်ထောင်စဉ်ကတည်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တင်းကျပ်သောမူဝါဒများ ထုတ်ပြန်ထားပြီးဖြစ်သည်ဟု KNLA မှဆိုသည်။
KNLA စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက“ကျတော်တို့ရဲ့မူဝါဒမှာတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ လုံးဝတားမြစ်ထားတဲ့ပေါ်လစီ ရှိပြီးသားပေါ့နော်။ ဒါတွေကို ကျတော်တို့ ထုတ်လုပ်လို့လည်းမရဘူး၊ စိုက်ပျိုးလို့လည်းမရဘူး၊ ရောင်းဝယ်လို့မရဘူး၊ ဖြန့်ဖြူးလို့မရဘူးဆိုတာ ကျတော်တို့အဖွဲ့အစည်းက ဟိုးအဖွဲ့အစည်းစတင်ဖြစ်ပေါ်တဲ့အချိန်ကတည်းကကို ကျတော်တို့ အဲဒီမူဝါဒချထားပြီးသားပေါ့နော်” ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းရဲတပ်ဖွဲ့က ထိုမူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိပြီးနောက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်ဒေသရှိ နယ်စပ်ဖြတ်ကျော်ရေး ဂိတ် ၆၀ ကို ထိုင်းအာဏာပိုင်များက ချက်ချင်း ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ယခုလိုနယ်စပ်ဂိတ်များကို ပိတ်လိုက်ခြင်းကြောင့် ကုန်သည်များအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်သောကြောင့် ထိုင်းအာဏာပိုင်များအနေဖြင့် ထိုအမိန့်ကို ပြန်လည် သုံးသပ်ပေးရန် ကုန်သည်များမှ တောင်းဆိုနေကြသည်ဟု Thai PBS သတင်းတွင်ဖော်ပြထားသည်။
ထိုင်းမြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးမှောင်ခို သယ်ဆောင်လာသူများနှင့် မကြာခဏတိုက်ပွဲဖြစ်ပြီး မူးယစ်ဆေးဝါးအမြောက်အမြားကို ဖမ်းဆီးရမိ ခဲ့သည်။