ငလျင်ဘေး နှင့် ပတ်သက်၍ လွတ်လပ်စွာ သတင်းယူခွင့်ပြုရန် မီဒီယာ ကောင်စီ IPCM တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်။
ငလျင်ဒဏ်ခံပြည်သူများနှင့် ကူညီကယ်ဆယ်သူများ မှန်ကန်သော သတင်းအချက်အလက်များကို လိုအပ်သည့်အတွက် သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူတင်ဆက်ခွင့်ပေးရန် နှင့် နိုင်ငံတကာ သတင်းသမားများ ဝင်ရောက် သတင်းယူခွင့်ပြုရန် လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (IPCM)က တောင်းဆိုသည်။
မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် အကူအညီများ လိုအပ်နေသည့် ပြည်သူများထံရောက်မရောက်၊ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိမရှိ သတင်းမီဒီယာများက ကူညီပံ့ပိုးပေးနိုင်သည့်အတွက် သတင်းသမားများ မြေပြင်ကွင်းဆင်း၍ လုံခြုံလွတ်လပ်စွာ သတင်း ရယူပိုင်ခွင့်ပေးရန် အရေးကြီးသည်ဟု လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ (IPCM)ကဆိုသည်။
မြန်မာနိုင်ငံ၏ ငလျင်ဖြစ်စဉ်အပေါ် သတင်းသမားများ လွတ်လပ်စွာ သတင်းရယူတင်ဆက်ခွင့်ရရှိရန် (IPCM)က ဧပြီလ (၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်တွင်းရှိ သတင်းမီဒီယာအချို့ထံ စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ပေးပို့သည့် အသံဖိုင်အရ နိုင်ငံတကာသတင်းထောက်များကို ပေးမဝင်လိုသည့်အပေါ် (IPCM)မှ ရှုတ်ချကန့်ကွက်ပြီး အများပြည်သူ၊ နိုင်ငံတကာပြည်သူများနှင့် ကူညီပံ့ပိုးနိုင်သည့် အဖွဲ့အစည်းများသိရှိရန် သတင်းရယူတင်ဆက် ဖော်ပြခွင့်ရရှိရန် (IPCM)ကတိုက်တွန်းသည်။
မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သက်ရောက်မှုများကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်း ထောက်များကိုလည်း စစ်ကောင်စီမှ ဗီဇာ အလွယ်တကူထုတ်ပေးရန်လည်း (IPCM)ကတောင်းဆိုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “စစ်ကောင်စီဟာ သတင်းမီဒီယာတွေ လွတ်လပ်စွာဝင်ရောက်ခွင့် ရယူပိုင်ခွင့်ကိုလည်း ပိတ်ပင်ထားတာ တွေ့ရတယ်။ ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံအတွင်းမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေ မှန်တွေကို နိုင်ငံတကာကို မသိစေချင်တာကြောင့်ဖြစ်ပါတယ်” ဟုပြောသည်။
မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အပြင်းထန်ဆုံးဖြစ်သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်လိုက်သော ရစ်ခ်တာစကေး ၇.၇ ရှိ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့်ဒေသများတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
ငလျင်ဒဏ်ကြောင့် ထိုဒေသများရှိ လမ်း၊ တံတားနှင့် ဘာသာရေးအဆောက်အအုံနေရာ အပါအဝင် အခြေခံ အဆောက်အအုံများစွာ ပျက်စီးသွားခဲ့ပြီး အတည်ပြုနိုင်သည့် လူသေကြေထိခိုက်မှု ကိန်းများ နေ့စဉ် မြင့်တက် နေသည်။
လက်ရှိ ကပ်ဘေးကာလအတွင်း စစ်ကောင်စီ၏ နှစ်ပေါင်းများစွာ အင်တာနက် ဖြတ်တောက်ပိတ်ထားမှုသည် အကြပ်အတည်းအား ပိုမိုဆိုးရွားစေသည့်အတွက် အင်တာနက် ကန့်သတ်ပိတ်ဆို့ထားခြင်းကို ပြန်ဖွင့်ပေးရန် နှင့် နိုင်ငံတကာအကူအညီများထဲတွင် အမေရိကန်မှ Starlink ဆက်သွယ်ရေး စနစ်များလည်းပါဝင်ရာ အများပြည်သူ အကျိုးစီးပွား မျှော်ကိုးလျက် စစ်ကောင်စီအနေဖြင့် အလျင်အမြန် လက်ခံအသုံးပြုသင့်ကြောင်း (IPCM)က ဆိုသည်။