ကရင်နီတွင် ငလျင် အရေးပေါ်တုန့်ပြန်ရေး အဖွဲ့ဖွဲ့စည်း၊ ရှမ်းတောင် ငလျင်သင့် ပြည်သူများအား ကူညီမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်။ 

ကရင်နီပြည်တွင် ငလျင်ဒဏ်သင့် ဒေသများအား ကူညီထောက်ပံ့ရန်အတွက် ငလျင်အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု ဒေသတွင်း လူ့အခွင့်ရေး လှုပ်ရှားဆောင်ရွက်နေကြသူများက ပြောသည်။

ကရင်နီတစ်ပြည်လုံးရှိ အရက်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၃၅ ဖွဲ့ဝန်းကျင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဖွဲ့ အသီးသီးမှ လစဉ်စုဆောင်းထားသည့် ရန်ပုံငွေများမှ ထုတ်ကာ အသုံးပြုသွားမည်ဟု ဆိုသည်။

ငလျင်အရေးပေါ် တုံ့ပြန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မငြိမ်းစုက အဓိကရည်ရွယ်တာတော့ ရှမ်းတောင်၊ အင်းလေးဒေသပေါ့ ဒါပေမယ့် ကျမတို့မှာ ရလာတဲ့ အလှူငွေပေါ် မူတည်ပြီးတော့ တခြားဒေသတွေကိုလည်း ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ မိတ်ဖက်အဖွဲ့တွေကနေ ပြောကြားလာတဲ့ လိုအပ်ချက်တွေပေါ် မူတည်ပြီးတော့ ကူညီထောက်ပံ့ပေးသွားပါမယ်ရှင့် ဟု ပြောသည်။

လက်ရှိတွင် အဖွဲ့အနေဖြင့် ငလျင်ဒဏ်သင့် ပြည်သူများအား တိုက်ရိုက် ကူညီထောက်ပံ့ရန် အခက်အခဲ ရှိနေ သည် ဖြစ်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ တဆင့်ချိတ်ဆက်ကူညီ ပံ့ပိုးပေးသွားမည်ဟု ဆိုသည်။

ထို့အပြင် ကရင်နီပြည်ရှိ ပြည်သူနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှလည်း ပါဝင်လှူဒါန်းကြရန် အဖွဲ့အနေဖြင့် နှိုးဆော်ထားပြီး ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KSCN)၏ လူမှုကွန်ယက်စာမျက်နှာ (Facebook)သို့ ချိတ်ဆက်လှူဒါန်းကြရန် တိုက်တွန်းထားသည်။

ကျမတို့ကရင်နီ လူမှုအဖွဲ့အစည်းတွေကလည်း ငလျင်ဘေးဒဏ်သင့် ပြည်သူတွေနဲ့ တစ်သားတည်း အတူတူ ရှိနေတဲ့ အကြောင်း ပြောကြားချင်ပါတယ်။ နောက်တခု ကျမတို့ အတူတူတောင့်ခံသွားမယ်။ ပြီးလို့ရှိရင် ပြန် လည် ရုန်းထကြမယ်ပေါ့နော် ဟု မငြိမ်းစုက ဆက်ပြောသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မြေငလျင်အတွင်း ကရင်နီပြည်တွင် ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့သော် လည်း ဒီးမော့ဆိုမြို့နယ်၊ ပဆေးလာကျေးရွာ၌ ပေ ၁၀၀ ကျော် အနက်ရှိ တွင်းတစ်တွင်း ပေါ်ပေါက်လာသဖြင့် ဒေသတွင်း စစ်ဘေးရှောင်များမှာ စိုးရိမ်နေကြသည်။

ထို့အပြင် ငလျင်ဒဏ် မခံစားရသည့် ရှမ်းတောင်အစပ်နှင့် ကရင်နီဒေသကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိရာ ဧပြီလ ၄ ရက်နေ့၌လည်း မိုးဗြဲမြို့၌ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့သည်။

ဓါတ်ပုံ – Jobs for Kayah