စစ်ကောင်စီစစ်ကြောင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ရွာသားတစ်ဦး ဒဏ်ရာရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်။
တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘန်းလမွတ်ရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။
ဧပြီလ ၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ လမ်းတလျှောက် လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းကို အသုံးပြုကာ ဝင်လာခြင်းဖြစ်သည်ဟု ရွာသားများ က ပြောသည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘန်းလမွတ်ရွာသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ထုံနွယ်ရွာသား ၃ ဦးကိုလည်း စစ်ကြောင်းမှ ဖမ်းဆီးသွားခဲ့ကြောင်း ရွာသားတစ်ဦးက ပြောသည်။
အသက် ၄၀ ခန့်အရွယ် ဘန်းလမွတ်ရွာသားတစ်ဦးက “စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့ လမ်းပိုင်းမှာ ၅ ယောက်ကို အရင်ဆုံးဖမ်းလိုက်တယ်။ အဲဒီအထဲက ပနပ်ငယ်ရွာသား၂ ယောက်ကို ပြန်လွတ်ပေးလိုက်ပြီး ကော်ပတ်ခြစ်ဖို့ ထွက်လာတဲ့ ထုံနွယ်ရွာသား သုံးဦးကိုတော့ ကြိုးနဲ့ တုတ်ပြီးခေါ်သွားတယ်” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူမှာ ဘန်းလမွတ်ရွာသားမှာ အသက် ၅၀ အရွယ် ဦးဇော်မင်း ၅၀ ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ကျည်စထိမှန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ် စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခံရသူ သုံးဦးကို အောက်ကင်းရွာအခြေစိုက် ခမရ ၅၅၇ တပ်ရင်း ထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု နီးစပ်သူများက ဆိုသည်။
ထိုသို့ ဖမ်ဆီးခေါ်ဆောင်သွားပြီးနောက် တွေ့ဆုံခွင့်မပေးသေးသည့် အပေါ် မိသားစုဝင်များက စိတ်ပူစိုးရိမ် နေကြသည်။
စစ်ကောင်စီ စစ်ကြောင်းမှာ မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းမှ ဖြစ်ပြီး ယာဥ်တန်းအချို့နှင့် လမ်းကင်းများချကာ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
မတ်လ ၂၈ ရက်နေ့ကလည်း နေ့လည် ၂ နာရီခန့်တွင် တနင်္သာရီမြို့နယ် အတွင်းရှိ ချောင်းလမုကျေးရွာ အနီးနား ဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ သည်ဟု ရွာသားများက ပြောသည်။