စစ်ကောင်စီ အပစ်ရပ်ကြေညာချက် တိုင်းရင်းသား အဖွဲ့များ အယုံအကြည်မရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်။
စစ်ကောင်စီ၏ အပစ်ရပ် ကြေညာချက်မှာ ဟန်ပြသာ ဖြစ်မည်ဟု တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ခေါင်းဆောင်အချို့က သုံးသပ်ပြောဆိုသည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးကို အကြောင်းပြပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက် ရန် ပြင်ဆင်သည့်အနေဖြင့် စစ်ကောင်စီက ယာယီ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အချို့က ပြောဆိုလိုက်သည်။
ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှု့ပြီး ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ယာယီ အပစ်ရပ်မည်ဟု စစ်ကောင်စီ ၏ ထုတ်ပြန်ချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချို့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကရင်အမျိုးသား အစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “ကျနော်တို့သိ ရတာက စကစက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီ အပစ်ရပ်မယ်လို့ ထုတ်ပြန် ကြေညာထား ပေမယ့် သူတို့က တကယ်တမ်း အပစ်ရပ်တာ မဟုတ်ဘူး။ အင်တာနေရှင်နယ် နိုင်ငံတကာ မျက်နှာစာမှာ မျက်နှာကောင်းရချင်လို့ ဖြစ်တယ်။ စကစ ရဲ့ အပစ်ရပ် ကြေညာချက်ဟာ အလိမ်အညာတွေသာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အင်တာနေရှင်နယ်မှာ ဟန်ပြ အပစ်ရပ်လုပ်တာ ဖြစ်တယ်” ဟု ပြောသည်။
ဘင်္ဂလားပင်လယ်အော် ဒေသနိုင်ငံများ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) အစည်းအဝေးကို ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်နေသည်။
စစ်ကောင်စီက ယာယီ အပစ်ရပ်ပြီး အစည်းအဝေး တက်ရောက်ခြင်းသည် နိုင်ငံတကာ မျက်နှာစာတွင် နိုင်ငံရေး အရ တရားဝင်မှုကို ဖော်ဆောင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပဒိုစောအယ်နာ က ဆက်ပြောသည်။
၎င်းက“တစ်ပြိုင်နက်တည်း မင်းအောင်လှိုင်က ဘန်ကောက်ကိုသွားပြီး အစည်းအဝေးတက်ရောက်ဖို့ ရှိတဲ့ အတွက် နိုင်ငံရေးအရ အမြတ်အစွန်း တစ်ခုခုကိုရအောင် လုပ်တာဖြစ်တယ်။ ဒါပေမယ့် စကစဟာ စကစပဲ လိမ်ညာ လှည့်ဖြားတာတွေနဲ့ သတ်ဖြတ်မှုတွေကို လုပ်ဆောင်နေတဲ့ အာဏာရှင်သာ ဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ယာယီ အပစ်အခတ် ရပ်စဲထားသည့်အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ သုံးသပ်သည်။
ဗိုလ်မှူးကြီး နော်ဘူက “ဘန်ကောက်မှာ အစည်းအဝေးသွားတက်ဖို့ ကိစ္စရှိလို့ နိုင်ငံတကာ မျက်နှာစာမှာ အဆင်ပြေအောင်ပေါ့နော်။ အပစ်ခတ်ရပ်စဲရေး ထုတ်ပြန် ကြေညာထားတာလည်း ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
စစ်ကောင်စီက ယာယီအပစ်ရပ်စဲသည်ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း လက်ရှိ တိုင်းရင်းသား ဒေသများ နှင့် တိုင်းဒေသကြီးများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်တို့အပြင် မြေပြင်ထိုးစစ်များကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က “အခုထိတော့ ကျမတို့ ဒေသခံတွေ ပြောတာပေါ့နော ကျောက်မဲကနေပေါ့နော ကျမတို့ နောင်ချိုဖက်က လက်နက်ကြီးသံတွေ လေယာဉ်သံတွေ တအုန်းအုန်း ကြားနေရတုန်းပဲလို့ ကျမသိရတယ်ပေါ့နော။ အပစ်ရပ်တာ တစ်ကယ် ရပ်တယ်ဆိုရင်တော့ ကျမအနေနဲ့ ကြိုဆိုရမှာပဲ ဘယ်ဖက်က အပစ်ရပ်ရပ်ပေါ့နော်။ ဒါပေမယ့် စာရွက်ပေါ်မှာ လေလှိုင်းပေါ်မှာ ကျမတို့ အပစ်ရပ်တာ မဖြစ်ဖို့တော့ လိုတာပေါ့နော။အခုလက်ရှိကတော့ စစ်ကောင်စီက အပစ်ရပ်တယ်ဆိုတာ လေ လှိုင်းပေါ်က အပစ်ရပ်တာပဲ ရှိတယ်ရှင့်” ဟု ပြောသည်။
မဲမသာမှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထံမှ အာဏာ သိမ်းလိုက်သည့် စစ်တပ်အနေဖြင့် အာဏာသိမ်းလိုက်သည့် အချိန်မှစပြီး နိုင်ငံတကာတွင် နိုင်ငံရေးအရ တရားဝင်မှုကို လက်လွတ်ခဲ့ရသည်။
ထို့ကြောင့် နိုင်ငံရေးအရ တရားဝင်မှုနှင့် အသိအမှတ်ပြုမှုကို ပြန်လည်ရရှိရန် စစ်တပ်အနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
သို့သော် နိုင်ငံတကာမှ စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ် ယနေ့အချိန်အထိ အသိမပြုသေးသည့် အပြင် အာဏာကို စွန့်ပြီး ရွေးကောက်ပွဲ အနိုင်ရ NLD အစိုးရထံ အာဏာ ပြန်လည်လွှဲပေးရန်နှင့် ဒေါ်အောင်ဆန်းစု ကြည်ကို လွတ်ပေးရန် တောင်းဆိုထားကြသည်။
Photo – The Reporters