အင်္ဂပူမြို့နယ်ထဲရှိ ကျေးရွာများကို စစ်ကောင်စီက စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ထဲက ကျေးရွာများကို စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်ထားသည်ဟု ဒေသခံများက ပြောသည်။

အင်္ဂပူမြို့နယ်ထဲက ကျီးပင်နှင့် ထုံးပေါ်ကျေးရွာတို့ကို ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်၍ စားနပ်ရိက္ခာ သယ်ယူခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ဒေသခံ အမျိုးသား တစ်ဦးက ဆန်သယ်ခွင့်ကို အဓိကပိတ်တာ၊ အခြေခံ စားနပ်ရိက္ခာ ပေါ့နော် အဲ့ဒါတွေကို ပေးမသယ်ဘူးလို့ ပြောတယ်။ တချို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ညှိပြီး နည်းနည်း ပါးပါး သယ်လို့ရတဲ့လူတွေလည်း ရှိတယ်။ တချို့ဟာတွေတော့ ပိုက်ဆံပေးပြီး သယ်ကြတာမျိုးပေါ့နော် ဟု ပြော သည်။

အင်္ဂပူမြို့ အဝင်အထွက် နေရာများနှင့် ကွင်းကောက်ဂိတ် (ကွင်းကောက် အမှတ် ၅ လေ့ကျင့်ရေး တပ်ရင်း စစ်ဆေးရေးဂိတ်) တို့တွင် ဆန်၊ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံး ဆီ သယ်ယူလာမှုများနှင့် ပတ်သက်၍ တားဆီးစစ်ဆေးမှုများ လုပ်နေခြင်း ဖြစ်သည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိတွင် ကျီးပင်နှင့် ထုံးပေါ်ကျေးရွာတို့ကို စားနပ်ရိက္ခာသယ်ယူခွင့် လုံးဝပိတ်ပင်လိုက်သော်လည်း အင်္ဂပူ မြို့နယ်ထဲက ပိန္နဲကွင်း၊ စမကုန်း၊ တောင်စင်း၊ ပဒတ်ကုန်းနှင့် ဂွက်ကြီးကျေးရွာတို့ကိုမူ စားနပ်ရိက္ခာ ၅ ရက်စာခန့်အတွက် သယ်ယူခွင့် ပြုထားသေးသည်ဟု ဆိုကြသည်။

အလားတူ လေးမျက်နှာနှင့် ရေကြည်မြို့နယ်ထဲက ရေနံ့သာ စစ်ဆေးရေးဂိတ်တို့တွင်လည်း ဆန်နှင့် စက်သုံးဆီ သယ်ယူခွင့်ကို ထောက်ခံစာပါမှသာ သယ်ယူခွင့်ပေးသည်ဟု ဒေသခံများက ပြောသည်။

အင်္ဂပူမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ အကြား ပြီးခဲ့သည့် မေလက တိုက်ပွဲများဖြစ်ခဲ့ ပြီး ကျေးရွာအချို့ကို စစ်ကောင်စီက လက်လွှတ်ထားရသည်။

လက်ရှိတွင် ရခိုင်ရိုးမ တောင်ခြေမှာရှိတဲ့ အင်္ဂပူမြို့နယ်ထဲမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲများ မရှိသော်လည်း စစ်ရေး တင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

အလားတူ စစ်ကောင်စီတပ်သည် လေးမျက်နှာမြို့နယ်သို့ ယခု ဇူလိုင်လအတွင်း၌ပင် ရေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့် စစ်အင်အားဖြည့်တင်းမှုများ ရှိခဲ့သည်။