ညောင်ဦး မြို့နယ်အတွင်း စစ်ကော်မရှင် စစ်ကြောင်း ကြားဖြတ်တိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
ညောင်ဦး – ချောက် ကားလမ်းပေါ်ရှိ ကြအိုကျေးရွာမှ ကျောက်ပြင်ကန်ကျေးရွာသို့ ဦးတည် စစ်ကြောင်း ထိုးလာ သည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး – ချောက် ကားလမ်းဘေးရှိ ကျေးရွာများကို ပုဂံမြို့မှ ထွက်လာသည့် သံချပ်ကာကား ၂ စီးနှင့် အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းမှ ကျောက်ပြင်ကန်ကျေးရွာဘက်သို့ ခွဲထွက်လာ သည့် စစ်ကြောင်းကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
Black Eagle တော်လှန်ရေး တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက “ကြအိုနဲ့ မြေသန့်တောင်မှာ ညအိပ်တာ မနက်စော စော စစ်ကြောင်းခွဲပြီး တက်လာတာကို ရွာမရောက်ခင် ကြို စောင့်ပြီး လမ်းကဖြတ်တိုက်ခဲ့တာ သူတို့ဘက်က ထိခိုက် ဒဏ်ရာရတာတွေ များနိုင်တယ်” ဟု ပြောသည်။
ကျောက်ပြင်ကန်ကျေးရွာ၌ နေထိုင်သူတစ်ဦးက ကြအိုနှင့် ကျောက်ပြင်ကန် အကြားရှိ ဒေသအခေါ် ကိုသိန်းဇံ ကုန်း တောင်ဘက်က အုတ်ကျင်းအနီးတွင် ဩဂုတ်လ ၁ ရက်နေ့၊ နံနက် ၆ နာရီကျော် အချိန်ခန့်တွင် တော်လှန် ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်စဉ်ကို ထန်းတက်ရင်းမြင်တွေ့ခဲ့သည့် ဇကရွာသားတစ်ဦးက “စစ်သားတွေ သေနတ်မှန်ပြီး လဲကျ ကုန်တာ မနည်းဘူး။ အစိတ် သုံးဆယ်လောက်ရှိမယ်။ သေနတ်တောင် မပစ်တတ်ကြဘူး ထင်ပါတယ်။ တော် တော်များများက မိုးပေါ် ထောင်ပစ်နေတာဗျ ပျူတွေထင်တာပဲ” ဟု ပြောသည်။
စစ်ကြောင်းကို ဦးဆောင်လာသည့် စစ်ကြောင်းမှူးဖြစ်သူမှာ ဩဂုတ်လ ၂ ရက်နေ့တွင် သေဆုံးသွားသည်ကို အတည်ပြုနိုင်ခဲ့ကြောင်းနှင့် တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု Black Eagle အဖွဲ့တာဝန်ရှိသူက ပြောသည်။
Black Eagle အဖွဲ့တာဝန်ရှိသူက “တိုက်ပွဲ အသာစီးရပေမဲ့ ထပ်ပြီး စစ်ကူတွေ လာနိုင်တာရယ် အင်အားချင်း မမျှတာရယ်ကြောင့် ရွာသားတွေကို ဘေးလွတ်ရာကိုခေါ်ထုတ်ပြီး နောက်ဆုတ်ပေးခဲ့ရတယ်” ဟု ပြောသည်။
နှစ်ဖက်ကြား ပစ်ခတ်မှုများ ဖြစ်နေချိန် နံနက် ၁၁ နာရီကျော်ခန့်တွင် ဖောကား ၂စီးရောက်လာပြီး တစ်စီးပေါ်သို့ ဒဏ်ရာရရှိသူများနှင့် အလောင်းများဟု ယူဆရသူ အချို့ကို တင်ဆောင်သွားသည်ဟု ဆိုသည်။
ထို့အပြင် ကျန်ဖောကားတစ်စီးဖြင့် ကျောက်ပြင်ကန်ကျေးရွာ အတွင်းရှိ အရပ်သား နေအိမ်များထဲမှ ဆန်အိတ် များ နှင့် ဆီပုံးများကို ယူဆောင်ကာ ဂန့်ဂါကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားသည် ဟု မျက်တွေ့ရှိသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ပုဂံ – ညောင်ဦး အရှေ့တောင်ဘက်ရှိ ကျေးရွာများကို စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက တစ်ပတ်ခန့် ရက်ဆက် စစ်ကြောင်းထိုးလာခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပွဲတိုင်း၊ ချောင်းရှည်၊ အနောက်အုံ၊ ဇီးစမြင်၊ ကျောက်ပြင်ကန်၊ မြောင်၊ မီးလောင်ဖျားတောင်နှင့် မီး လောင်ဖျား မြောက်ကျေးရွာ စုစုပေါင်း ရွာပေါင်း ၈ ရွာကို မီးရှို့ခဲ့သေးသည်။