ဒေသတွင်း တိုက်ပွဲဖြစ်ပွားနေချိန် မြိတ်တွင် အင်တာနက်လိုင်းကို လျော့ချ ဖြတ်တောက်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂ ရက်။

မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ များ ဖြစ်ပွားနေချိန် မြိတ်မြို့တွင် အင်တာနက်လိုင်းများကို သိသိသာသာ လျော့ချ ဖြတ်တောက်ခြင်းများကို ပြုလုပ်လျက်ရှိလာနေသည်ဟု  မြို့ခံများက ပြောသည်။

တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ပြီး မြိတ်မြို့ပေါ်ရှိ အင်တာနက် wifi လိုင်းများကို လိုင်းလျော့ချသောကြောင့် Mytel wifi ကို အသုံးပြု၍ မရတော့သည်ဘူးဟု ပြောသည်။

မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “Mytel wifi လိုင်းက သုံးလို့မရ တာ တပတ်ကျော်ပြီ။ ကျန်တဲ့လိုင်းတွေကိုလည်း ပုံမှန်ထက် လိုင်းကိုလျော့ထားတယ်၊ ဒေတာနဲ့သုံးတာလည်း အဆင်မပြေဘူး လိုင်းကတက်လိုက်ကျလိုက်နဲ့ စိတ်ဆင်းရဲရတယ်၊ MPT ဖုန်းလိုင်းတစ်ခုပဲ နည်းနည်းရတယ် ကျန်တဲ့ ဖုန်းလိုင်းတွေ အကုန်လုံး သုံးစားလို့မရဘူး ဟု ပြောသည်။

ထို့အပြင် ဖုန်းဒေတာနှင့် အသုံးပြုရသည့် အင်တာနက်လိုင်းများကိုပါ လျှော့ချထားသောကြောင့် အင်တာနက်ကို အသုံးပြုပြီး လုပ်ကိုင်ရသည့် လုပ်ငန်းပိုင်းဆိုင်ရာများမှာလည်း အခက်အခဲများ ရင်ဆိုင်နေရကြောင်း မြို့သစ် ရပ်ကွက်နေ ပြည်သူများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က စပြီး ပုလောမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှု အပါအဝင် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းများကို ဆက်တိုက် လုပ်နေခဲ့သည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများထဲ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီး ၂ ပါး ပျံလွန်တော်မူခဲ့သည့် အပြင် ပြည်သူ ၁၀ ဦးထက်မနည်းလည်း ထိမှန် ဒဏ်ရာများ ရရှိထားသည်။