ကော်သူးလေအာမီ KTLA က ချုံခိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ ၄ ဦး ဒဏ်ရာရဟု KNU ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။
ထားဝယ်ခရိုင်၊ မေတ္တာ-ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း၌ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်များကို ကော်သူးလေအာမီ (KTLA) တပ်က ချုံခိုတိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ပြောသည်။
မေတ္တာ – ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် ဩဂုတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်က ချုံခို တိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
မေတ္တာ – ထီးခီး လမ်းပိုင်း၌ လုံခြုံရေးယူထားသည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်တို့ကို ကော်သူးလေအာမီ (KTLA) တပ်က ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သည့် KTLA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် KNU တပ်မဟာ (၄) က ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု KNU – မြိတ် ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးကလည်း ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
KNLA က တပ်ဖွဲ့ဝင်တွေဟာ မေတ္တာမြို့အနီးတစ်ဝိုက်မှာ လုံခြုံရေး ယူဖို့ သွားချိန် လမ်းမှာ ခြုံခိုတိုက်ခိုက်တာကို ခံရတာလို့ ဆိုပါတယ်။
မြိတ် – ထားဝယ်ခရိုင်ထဲက ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကော်မရှင် တပ်စခန်းများကို KNU က သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က အင်အားဖြည့်တင်းမှုများနှင့်အတူ ဆုံးရှုံးသွားသည့် စခန်းများ ပြန်လည်ရရှိရေး စစ်ကြောင်းများ ဆက်တိုက်ထိုးနေသည်ဟု ဆိုသည်။
အဆိုပါ စစ်ကော်မရှင်တပ်၏ စစ်ကြောင်းလာမှုများကြောင့် KNLA တပ်ဖွဲ့ဝင်များက မေတ္တာ – ထီးခီး လမ်းပိုင်းတလျှောက်၌ လုံခြုံရေးယူချိန် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။