ထိုင်း – ကမ္ဘောဒီးယား နယ်စပ် တင်းမာမှု ဆက်ရှိနေ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။ 

ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တွင် တင်းမာမှုများ ဆက်ရှိနေပြီး ထိုင်းဘက်က ကမ္ဘောဒီးယားကို အပစ်အခတ် ရပ်စဲရေး သဘောတူမှုအား ချိုးဖောက်သည်ဟု စွပ်စွဲ ထားသည်။ 

ထိုင်းနိုင်ငံ၊ ဆူရင်းခရိုင်ထဲတွင် မြေမြုပ်မိုင်း ပေါက်ကွဲ ပြီးနောက်ပိုင်း ထိုင်းတပ်မတော်က မိမိကိုယ်ကို ကာကွယ် ပိုင်ခွင့်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။ 

ထိုင်းပိုင်နက် နယ်မြေဖြစ်သော ဆူရင်းခရိုင်ထဲတွင် ဩဂုတ်လ ၁၂ ရက် ရက်နေ့၊ နံနက်ပိုင်း ၉ နာရီကျော် အချိန်ခန့်တွင် မြေမြုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့သည်ဟု ထိုင်းစစ်တပ်က ဆိုသည်။ 

ထိုင်းစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suvaree ၏ အဆိုအရ Ta Muen Thom ဘုရားမှ ၁ ကီလိုမီတာခန့် ဝေးသည့် နေရာတွင် ထိုင်းဘက်က ပုံမှန် ကင်းလှည့်နေစဉ် မြေမြုပ်မိုင်း ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ 

ထိုင်းနိုင်ငံဘက်က ၂၆၁၀ (နှစ်ခြောက်တစ်သုည) အရံရိန်းဂျားတပ်မှ တပ်ခွဲတစ်ခွဲ ကင်းလှည့်နေစဉ် တပ်ကြပ်ကြီး တစ်ဦးက လူသတ်မိုင်းဟုခေါ်သော Anti-personal မိုင်း တစ်လုံးကို နင်းမိခဲ့ခြင်း ဖြစ်သည်။ 

တပ်ကြပ်ကြီး၏ ဘယ်ဖက် ခြေကျင်းဝပ်တွင် ဒဏ်ရာ အပြင်းအထန် ရသွားပြီး ဆူရင်းရှိ ဆေးရုံတွင် ဆေးကုသမှု ခံနေရသည်ဟု ထိုင်းစစ်တပ်က ပြောသည်။ 

ထိုသို့ ထိုင်းနယ်မြေအတွင်း မြေမြုပ်မိုင်းထောင်ခြင်းသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရုံသာမကဘဲ မြေမြုပ်မိုင်းနှင့် ပတ်သက်သည့် အိုတာဝါ သဘောတူညီချက်ကိုလည်း ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု ထိုင်းက ကမ္ဘောဒီးယားကို ပြစ်တင်ထားသည်။ 

ယခင်ရက်များ အတွင်း၌မူ ထိုင်းစစ်သားများက ဖန်ဂေါ်လီလုံးများနှင့် လောက်လေးဂွတို့ကို အသုံးပြုပြီး ကမ္ဘောဒီးယားဘက်သို့ ပစ်ခတ်ခဲ့သည်ဟုလည်း ကမ္ဘောဒီးယားဘက်က စွပ်စွဲထားသည်။