ပုလောမြို့နယ်ထဲက ကျေးရွာများကို  စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ကလေး ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာအုပ်စုထဲက (မိမ္မ) မိန်းမမြို့ကျေးရွာနှင့် ဘိုင်းပြင် ကျေးရွာ ကြားကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးတစ်ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရသူများလည်း ရှိသည်ဟု ရွာသားများက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်က မြိတ်လေတပ်မှ ထွက်ခွာလာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးကြီးနှစ်ဦး အပါအဝင် ပြည်သူ လေးဦး ဒဏ်ရာရရှိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာများအနီးတွင် နှစ်ဖက်ကြာ၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်း မရှိဘူးဟု  ရွာသားများက ဆိုသည်။

ရွာသားတစ်ဦးက အခုလက်ရှိမှာက ရှာဖွေကယ်ဆယ်ရေးတော့ ဆက်ပြီး လုပ်နေတုန်းပါပဲ။ နောက်ထပ် စာရင်း ထပ်တိုးလာနိုင်ပါသေးတယ် ဟု ပြောသည်။

ထို့အပြင် မိန်းမမြို့ကျေးရွာမှ နေအိမ်သုံးလုံးမှာလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိမှန် ပျက်စီးသွားခဲ့သည်ဟု အဆိုပါ ဒေသခံ ရွာသားက ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်း မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သေးသော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း ရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က မောတောင်နယ်စပ် လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး အင်အားဖြည့်တင်းပြီး စစ်ကြောင်း ထိုး တိုက်ခိုက်နေသည်မှာ ၇ လ ကျော်လာပြီ ဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းကျေးရွာဝန်းကျင်၌ သာ ရှိနေသေးသည်။