ကျောက်မဲတွင် တိုက်ပွဲပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
စစ်ကော်မရှင်တပ်က ရှမ်းမြောက်ရှိ ကျောက်မဲမြို့ကို ပြန်လည်ရရှိရေး မြေပြင်ထိုးစစ်အပြင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လုပ်နေသောကြောင့် ယနေ့အချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာတွင် ဩဂုတ်လ ၂၈ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင် တပ်က လေကြောင်းကနေပါ ဆက်တိုက် ဗုံးကြဲနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက “နောင်ပိန်မှာက တိုက်ပွဲ ဆက်ဖြစ်နေတယ်။ လေယာဉ်လည်း လာ တယ်။ မနေ့က Y-12 လာတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုထဲမှာတော့ အသေအဆုံးမရှိဘူး။ ၂၅ ရက်နေ့ တုန်း ကတော့ ထိခိုက်တာတွေ ရှိခဲ့တယ်။ ကိုရင် ၃ ပါး ဒဏ်ရာရတယ်။ အရပ်သားတစ်ယောက် ဒဏ်ရာရတယ်။ ဒီရက်ပိုင်းက ဆက်တိုက်ပဲ ဖြစ်နေတာ” ဟု ပြောသည်။
ဩဂုတ်လ ၂၇ ရက်နေ့ကလည်း Y-12 လေယာဉ်နှင့် နောင်ပိန်ကျေးရွာ အုပ်စုထဲ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် အသေခံ ဒရုန်းများ အသုံးပြုပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ကျောက်မဲမြို့၏ စစ်ရေးအခြေအနေကို စောင့်ကြည့်နေသည့် မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။
နောင်ပိန်ကျေးရွာ အုပ်စုထဲက နေရာ အများစုကို သိမ်းပိုက်ထားသည့် စစ်ကော်မရှင်တပ်က ကားလမ်ကြီးကိုပါ ထိန်းချုပ်နိုင်ရေး မြေပြင်၊ လေယာဉ်အပြင် ဒရုန်းတို့ကို သုံးပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
နောင်ချိုမြို့ကို ထိန်းချုပ်ပြီးနောက် စစ်ကော်မရှင်တပ်သည် ကျောက်မဲမြို့နှင့် နောင်ချို-မိုးကုတ်လမ်းမ နေရာတို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။