မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှု ၂ ဦး ထပ်မံသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည့် မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက် လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာ ရရှိထားသူများအနက် နှစ်ဦး ထပ်မံသေဆုံးသွားသည်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားသူများအနက် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထပ်မံ သေဆုံးခဲ့ခြင်း ဖြစ်သည်။
“ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာလို့ ပြောပါတယ်။ ၅ နှစ်အရွယ် ကောင်လေးကတော့ ခေါင်းမှာ ထိထား တာပါ။ မအေးစန္ဒာဆိုတဲ့ အမျိုးသမီးကလည်း တစ်ကိုယ်လုံး ရစရာမရှိအောင် ထိထားတာ။ ဆေးကုသနေရင်း သေဆုံးသွားတာပါ” ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကော်မရှင်တပ်က မြောက်ဦးမြို့ကို ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီကျော်အချိန်ခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ထဲ ကလေးများ အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ထိမှန် ဒဏ်ရာ ရခဲ့သည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
ထိမှန်ဒဏ်ရာ ရထားသူများအနက် နှစ်ဦး ထပ်မံသေဆုံးသွားသည့်အတွက် မြောက်ဦးမြို့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရမှုထဲ သေဆုံးသူ ၁၄ ဦး ရှိသွားပြီ ဖြစ်သည်။
၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်အတွင်းရှိ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ ရမ်းဗြဲမြို့နယ်တို့ထဲ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၈၆ ဦး သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် ULA/AA ၏ စာရင်းများအရ သိရသည်။