သတင်းပေးဆိုသူများ၏ ရော်ဘာခြံများကို မြိတ်ခရိုင် တပ်ရင်း ၂ မှ ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။ 

မြိတ်ခရိုင် တပ်ရပ်း ၂ က စစ်ကော်မရှင် သတင်းပေးများ၏ ရော်ဘာဥယျာဥ်များကို ထပ်မံချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ စစ်ကော်မရှင်တပ် သတင်းပေးဆိုသူများ၏ နေအိမ်များကို မြိတ် ခရိုင်တပ်ရင်း ၂ မှ ချိပ်ပိတ်ခဲ့ပြီးနောက် ဥယျာဥ်ခြံနှင့် ‌ရော်ဘာခြံများကိုလည်း ‌ဆေးနီသုတ်၊ စာကပ်ပြီး ချိတ်ပိတ် လိုက် သည်ဟု ရွာသားများက ပြောသည်။

‌အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက ဦးကြည်ဟုန်ခြံကို သူ့စပြီး ပြေးကတည်းက ပေါင်သွားတာကြောင့် ညီမတွေက ဝိုင်းစုပြီး ပြန်ထုတ်ထားတာ၊ အခုက ချိပ်ပိတ်လိုက်တော့ ထုတ်ထားတဲ့ သူတွေမှာ ကြားက ခံရတာ ပေါ့ ဟု ပြောသည်။

ပဝကျေးရွာရှိ စစ်ကော်မရှင် သတင်းပေးဟု ဆိုသူ ဦးဌေးနိုင်၊ ဦးကြည်ဟုန်နှင့် အခြားသူ တစ်ဦးတို့ ပိုင်ဆိုင်သည့် နေအိမ် ၃ ဆောင်ကို မြိတ်ခရိုင်တပ်ရင်း – ၂ က ဩဂုတ်လ ၁၇ ရက်နေ့တွင် ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၂၀ ရက်နေ့၌  ဦးဌေးနိုင်နှင့် ဦးကြည်ဟုန်တို့ ပိုင်ဆိုင်သည့် ရော်ဘာခြံနှင့် ဥယျာဥ်ခြံ အတွင်းရှိ အပင်များတွင် ဆေးအနီရောင်ဖြင့် ကြက်ခြေခတ်ကာ ချိပ်ပိတ်သိမ်းဆည်းကြောင်း စာပြားများ ကပ်ကာ ထပ်မံ၍ ချိပ်ပိတ်လိုက်သည်။

ချိပ်ပိတ်ခဲ့သည့် မြေအကျယ်အဝန်းမှာ ၈ ဧကကျော်ခန့် ရှိပြီး ကွမ်းခြံအတွင်း၌ အသီးသီးနေသည့် ကွမ်းပင်များ ရှိကာ ရော်ဘာခြံမှာလည်း လက်ရှိ ခြစ်နေသည့် ရော်ဘာခြံဖြစ်ကြောင်း ရွာသားများက ပြောသည်။

မြိတ်ခရိုင်တပ်ရင်း ၂ မှ ချိပ်ပိတ်ကြောင်း ဖော်ပြကပ်ထားသည့် စာတွင် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းလုပ်ဆောင်သူများ၏ အိမ်၊ ခြံ၊ မြေ၊ လယ်ယာ၊ ဥယျာဥ်၊ ယာဥ်ကြီး၊ ယာဥ်ငယ်များ အားလုံးကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ချိပ်ပိတ်သိမ်းဆည်းထားသည့် အရာများကို အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းနှင့် သုံးစွဲခြင်းပြုပါက အရေးယူခံရမည် ဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ က ဆိုသည်။