ဗီယက်နမ် အမျိုးသမီးတစ်ဦး ခင်ပွန်းနှင့် တူ နှစ်ဦး သတ်မှုဖြင့် တရားစွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။
ဗီယက်နမ်နိုင်ငံ ဒေါင်နိုင် (Dong Nai) ပြည်နယ်က ဥပဒေအရာရှိတွေဟာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ယောက်ကို ခင်ပွန်းဖြစ်သူနဲ့ တူဖြစ်သူတွေကို သတ်ဖြတ်မှု နဲ့ စွဲချက်တင်လိုက်ပါတယ်။
အသက် ၄၀ အရွယ် ငုယင်သီဟောင်ဘစ်ချ် (Nguyen Thi Hong Bich)ကို ခင်ပွန်းဖြစ်သူနဲ့ တူ ၃ ယောက်ကို ဆိုင်ယာနိုက် အဆိပ် ခတ်ခဲ့တဲ့ အတွက် တူတယောက်က ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ကျန်သူတွေ သေဆုံးခဲ့ရတယ်ဆိုပြီး အာဏာပိုင်တွေက သူ့အပေါ် သံသယ ရှိတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အလယ်ပိုင်းမှာ ဘစ်ချ်ရဲ့ ၁၉ နှစ်အရွယ် တူတယောက်ဟာ ဝက်ခြံအတွက် ဆေးသောက်ပြီး လဲကျသွားရာကနေ ဆွေမျိုးတွေက သူ့ကို ဆေးရုံပို့ခဲ့ပါတယ်။
ကျန်းမာရေး ဌာနက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဆိုင်ယာနိုက် အဆိပ် ပမာဏ အများအပြား တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဖြစ်ရပ်မှာ အဆိပ်မိသူရဲ့ ဦးလေး ဖြစ်သူက ရဲကို တိုင်ကြားခဲ့တာကြောင့် ရဲက စုံစမ်းစစ်ဆေးမှုတွေ လုပ်ရာကနေ တခြား အမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
စုံစမ်း မေးမြန်းမှုတွေမှာ ငုယင် သီဟောင်ဘစ်ချ်က သူ့ယောက်ျား ငုယင် သိုအိုင်ထန် (Nguyen Thoai Thanh) သောက်မယ့် ဆေးကို အဆိပ်ဆေးနဲ့ လဲထားခဲ့တာကို ဝန်ခံခဲ့ပါတယ်။
အဲဒါအပြင် သူ့ညီမရဲ့ သားဖြစ်တဲ့ အသက် ၈ နှစ်အရွယ် တူတယောက်နဲ့ အကိုရဲ့ သား ဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် တူ တစ်ယောက်တို့ကိုလည်း သူတို့ သောက်မယ့် အရည်တွေထဲမှာ ဆိုင်ယာနိုက် အဆိပ်တွေ ထည့်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
ဘစ်ချ်ဟာ ဆိုင်ယာနိုက် အဆိပ်ကို အွန်လိုင်းက နေ ၂၀၂၂ ခုနှစ်မှာ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ သူ့ကိုယ်သူ သတ်သေဖို့ ဖြစ်ပေမယ့် မသောက်ဖြစ်ခဲ့ပဲ နောက်ပိုင်းမှာ မိသားစု အတွင်း ပြဿနာတွေကြောင့် မိသားစုထဲကလူတွေအတွက် အဆိပ်တွေကို အသုံးပြုခဲ့တာ လို့ ဆိုပါတယ်။