အမေရိကန်မှာ သောင်းကျန်းနေတဲ့ ရှဉ့်ကလေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
လမ်းမတွေဘေးက ဓါတ်ကြိုးတွေပေါ်မှာ သစ်ပင်တွေပေါ်မှာ ခုန်လိုက်ပြေးလိုက် သွားနေတဲ့ အမွှေးဖွားဖွား အကောင်လေးတွေ တွေ့ဘူးမှာပါ။
အဲဒီ ရှဉ့်လေးတွေ တွေ့ရင် ချစ်စနိုးလေး ကြည့်တတ်ကြပါတယ်။
ဒါပေမယ့် အမေရိကန် နိုင်ငံမှာတော့ အဲ့လို ရှဉ့်လေး တစ်ကောင်အတွက် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ဆန် ရေဖယ်လ် (San Rafael) နဲ့ လူးကပ်စ် ဗယ်လီ (Lucas Valley) နေရာတွေမှာ ကြော်ညာလေးတွေ ကပ်ထားတာ တွေ့ရပါတယ်။
ကြော်ညာလေးတွေထဲမှာတော့ ဒေါသထွက်နေတဲ့ ရှဉ့်တကောင်က လူတွေကို တိုက်ခိုက်လေ့ရှိနေတာမို့ သတိထားကြဖို့ သတိပေးထားပါတယ်။
လူတွေ မွေးထားခဲ့တယ်လို့ ယုံကြည်ရတဲ့ ရှဉ့်ငယ်လေးတစ်ကောင် ဟာ လူတွေကို လိုက်လိုက် ကိုက်နေလို့ အနည်းဆုံး လူ ၂ ယောက်ကို ဆေးရုံက အရေးပေါ် လူနာခန်းကို ပို့လိုက်ရတယ်လို့ တောရိုင်း တိရစ္ဆာန် ကျွမ်းကျင်သူတွေက ပြောပါတယ်။
အဲဒီ သတိပေးကြော်ငြာထဲမှာက “စိတ်အလွန် ဆိုးနေတဲ့ ရှဉ့်” တကောင်က လူတွေကို တိုက်ခိုက်နေတယ်၊ “အဲဒီရှဉ့်ဟာ ဘယ်ကမှန်းမသိ ထွက်လာပြီး လူတွေကို တိုက်ခိုက်တတ်တယ်” လို့ ရေးထားပါတယ်။
WildCare လို့ခေါ်တဲ့ တောရိုင်း တိရစ္ဆာန် ကယ်ဆယ်ရေး ဌာနက ဆက်သွယ်ရေး ဒါရိုက်တာ အယ်လီဆင် ဟာမန့်စ် (Alison Hermance) ကတော့ လူသားတွေ လက်သပ်မွေးထားတဲ့ ရှဉ့်ဆိုတာ သေချာတယ်လို့ ပြောပါတယ်။