မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ်အပေါ် အာဆီယံ သတင်းထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဒါတို ဆာရီ ဥတ္တမ ဟာဂျီ မိုဟာမက် ဘင် ဟာဂျီဟာဆန် (Dato’ Seri Utama Haji Mohamad bin Haji Hasan)သည် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလုပ်ခရီးစဉ်အဖြစ် တစ်ရက်တာ သွားရောက်ခဲ့သည်။  

နေပြည်တော်တွင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီးသည် နိုင်ငံတော် လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ နဲ့ ယာယီ သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေတို့နှင့် တွေ့ဆုံ ခဲ့သည်။ 

ခရီးစဉ် အပြီးတွင် အာဆီယံက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲတွင် မြန်မာ စစ်ကော်မရှင်က ထုတ်ပြန်ခြင်း မရှိသည့် အချက်တစ်ချို့လည်း ပါဝင်သည်။ 

အာဆီယံ၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးသည် အာဆီယံ၏ တာဝန်ပေးချက်အရ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်မှ အဓိကအချက်များ ဖြစ်သည့် အကြမ်းဖက်မှုများ ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်သူများထံ ပေးနိုင်ရေးနှင့် မြန်မာ့ပြဿနာကို သက်ဆိုင်သူအားလုံးပါဝင်သော ဆွေးနွေးမှု ပြုလုပ်ရေးများ ပါဝင်သည်။ 

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများအား တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ အပစ်အခတ်ရပ်စဲရေး ကြေညာရန်၊ နှင့် လူသားချင်းစာနာမှု အကူအညီများကို ကန့်သတ်ချက်မရှိ ပေးအပ်နိုင်ရန် စသည့် အချက်များကို တောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

အာဆီယံ အနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးနှင့် အားလုံး ပါဝင်သော ဆွေးနွေးပွဲ ဖြစ်မြောက်စေရန် အတွက် အထောက်အကူပြုပြီး ဘက်မလိုက်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးလိုကြောင်း မလေးရှား၏ ကမ်းလှမ်းချက်ကိုလည်း တင်ပြခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် မလေးရှားနိုင်ငံသည် အာဆီယံ ဥက္ကဌ တာဝန်ကို စယူစဉ်ကတည်းက မြန်မာနိုင်ငံ အလွှာပေါင်းစုံမှ သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံခဲ့ရာမှ မြန်မာ့သက်ဆိုင်သူများ၏ မျှော်လင့်ချက်များကိုလည်း မြန်မာ စစ်ကော်မရှင်ထံ ပေးပို့ခဲ့သည်ဟု အာဆီယံ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။