ကရင်ဆရာ၊ ဆရာမ ၁ သောင်းကျော်အတွက် ထောက်ပံ့ကြေး ၄၁% လိုအပ်နေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

ကော်သူးလေဒေသ၊ ကရင်ပြည်အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများ ပညာရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန်အတွက် နှစ်စဉ်ထောက်ပံ့ကြေး ရန်ပုံငွေ အရေးပေါ် လိုအပ်နေကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) နှင့် ကရင်ဆရာ၊ ဆရာမများအသင်း (KTWG) တို့က ပူးတွဲတောင်းဆိုလိုက်သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမ ၁၀,၈၈၀ ဦးအတွက် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၂,၀၀၀ ဘတ်နှုန်း ပံ့ပိုးရန် ရည်ရွယ်ထားသော်လည်း၊ လက်ရှိတွင် ရန်ပုံငွေ ၅၉% သာ ရရှိထားပြီး ၄၁% ကို အရေးပေါ် ဖြည့်ဆည်းရန် လိုအပ်နေကြောင်း KTWG က အောက်တိုဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရန်ပုံငွေ မလုံလောက်မှုသည် စီးပွားရေး မတည်ငြိမ်မှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုတို့ကြောင့် ဆရာ၊ ဆရာမများ ၏ မိသားစုဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးလေးစေသည်ဟု KTWG က ထောက်ပြသည်။

ကျောင်းအုပ်ဆရာ စောဆဲဝါး၏ ပြောကြားချက်အရ ဒရုန်းပျံသန်းမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကြောက်ရွံ့စိတ်ဖြင့် တောထဲတွင် သင်ကြားနေရခြင်း၊ ခိုလှုံရန် မြေကျင်းများ တူးရခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ 

သို့သော် နှစ်စဉ်ထောက်ပံ့ကြေးသည် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်၍ စာသင်ကြားရေးအပေါ် စိတ်အားထက်သန်မှုကို တိုးမြှင့်ပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆရာ၊ ဆရာမ တစ်ဦးချင်းစီအတွက် ပံ့ပိုးကူညီနိုင်ပြီး စိတ်ဖိစီးမှုမရှိဘဲ ပညာရေးကို ဆက်လက် လုပ်ဆောင်နိုင် ရန် အတွက် အရေးပေါ် လိုအပ်နေသည့် ရန်ပုံငွေကို ဝိုင်းဝန်းကူညီပေးကြဖို့ KECD နှင့် KTWG တို့က အလေးအနက် တောင်းဆိုထားသည်။