စစ်အုပ်စု၏ ရွေးကောက်ပွဲကို ပြတ်သားစွာ ငြင်းပယ်ရန် JFM က အာဆီယံသို့ တောင်းဆို
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
အောက်တိုဘာ ၂၆ ရက်နေ့ မှ ၂၈ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ Justice For Myanmar (JFM) အဖွဲ့ကြီးက အာဆီယံသို့ အရေးပေါ် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။
JFM သည် မြန်မာစစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် နှင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် အာဆီယံ၏ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရန် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
JFM ၏ ထောက်ပြချက်အရ အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် အခြေစိုက်သော ကုမ္ပဏီ ၅၄ ခု ၏ စီးပွားရေး ဆက်နွှယ်မှုများသည် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို အသက်ဆက်ပေးနေသည်ဟု ဆိုသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က စစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်းမဟုတ်ဘဲ ‘အကြမ်းဖက်အုပ်ချုပ်မှုကို တရားဝင်မှုပေးရန် လှည့်ကွက်‘ သာဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။
ထို့အပြင် စစ်အုပ်စုသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် “နစက” မှ “နလအက” အဖြစ် အမည် ပြောင်းလဲ ခဲ့ခြင်းသည်လည်း ပရိယာယ်သက်သက်ဖြစ်ကြောင်း JFM က အာဆီယံကို သတိပေးခဲ့သည်။
JFM ၏ အဓိကတောင်းဆိုချက် သုံးချက်မှာ စစ်အုပ်စု၏ ရွေးကောက်ပွဲကို ငြင်းဆန်ရန်၊ အာဆီယံ အဖွဲ့အစည်းများတွင် စစ်အုပ်စု၏ ကိုယ်စားလှယ်များကို ပိတ်ပင်ရန်နှင့် စစ်အုပ်စုထံ ငွေကြေး၊ လေယာဉ်ဆီ စီးဝင်မှုလမ်းကြောင်းများ ဖြတ်တောက်ရန်တို့ဖြစ်သည်။
စစ်အုပ်စု၏ ရာဇဝတ်မှုများမှ မြန်မာပြည်သူများကို သာမက ဒေသတွင်းကိုပါ ကာကွယ်ရန် အာဆီယံတွင် တာဝန်ရှိကြောင်း JFM က တိုက်တွန်းထားသည်။